တာချီလိတ်မြို့မဈေး အပါအဝင် ဈေးအချို့တွင် Covid-19 တွေ့ရသော်လည်း တိကျစွာ ကြပ်မတ်နိုင်ခြင်း မရှိသလို မြို့တွင်း၌ လောင်းကစားများလည်း ဆက်ရှိနေ

တာချီလိတ်မြို့မဈေး အပါအဝင် ဈေးအချို့တွင် Covid-19 တွေ့ရသော်လည်း တိကျစွာ ကြပ်မတ်နိုင်ခြင်း မရှိသလို မြို့တွင်း၌ လောင်းကစားများလည်း ဆက်ရှိနေ
ဇူလိုင် 28, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကူးစက်ခံရသူ (၁,၁၀၀)ကျော်ရှိသဖြင့် Stay at Home ကြေညာထားပြီး လူစုလူဝေးမဖြစ်စေရန် ကန့်သတ်ချက်များ ကြေညာထားသော်လည်း တိကျစွာ ကြပ်မတ်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဈေးများတွင် ဟင်းသီးဟင်းရွက်၊ အသားငါးများကို နံနက်ခင်း နေ့တစ်ဝက်ရောင်းချခွင့်ပေးထားပြီး ကျန်ဆိုင်များ၊ KTV၊ ဘား၊ ကလပ်များကို ပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသော်လည်း မြို့မဈေးအပါအဝင် ပုဂ္ဂလိကဈေးများ၊ လောင်းကစားရုံအချို့မှာ ဆက်လက်ဖွင့်လှစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပါလျှံ (၃)ဈေးမှာဆိုရင် ဈေးပိုင်ရှင်ရဲ့ ကားမောင်းသူက Positive ဖြစ်တာ သူ့မိသားစုကို ဈေးအပေါ်ထပ်အခန်းမှာ lockdown လုပ်ထားတယ်လို့ကြားတယ်။ ဈေးကတော့ ဆက်ဖွင့်နေတယ်။ ဈေးကို မနက်ပိုင်း စားသောက်ကုန်ပဲ ရောင်းရမယ်ဆိုတာကို ည (၆)နာရီအထိ ဈေးဖွင့်တယ်။ အလှကုန်၊ အဝတ်အထည်ဆိုင်တွေကပါ ဖွင့်နေတာ။ သူတို့ကို ဈေးပိုင်ရှင်က ထောက်ခံစာလုပ်ပေးပြီးဖွင့်ခိုင်းတယ်လို့ ပြောကြတယ်

ဟု တာချီလိတ်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် COVID -19 ကူးစက်ခံထားရသူများထဲက စစ်ဆေးတွေ့ရှိထားသူ (၁,၁၀၀)ကျော်ရှိနေပြီဖြစ်ရာ လူစုလူဝေး မဖြစ်စေရေးအတွက် ဇူလိုင်လ (၇) ရက်နေ့မှစတင်၍ ဈေးများတွင် ဆိုင်အားလုံးပိတ်ထားပြီး ဟင်းသီးဟင်းရွက်၊ အသားငါးများကိုသာ နေ့စဉ် နေ့လယ် (၁၁) နာရီအထိ ရောင်းချခွင့်ပေးထားသော်လည်း  စည်ပင်သာယာရေးဌာနက ကြပ်မတ်နိုင်ခြင်းမရှိ၍ ဆိုင်များဆက်ဖွင့်နေကြရာ ဇူလိုင်လ စတုတ္ထပတ်တွင် မြို့မဈေးရှိ လက်ဖက်ရည်ဆိုင်မှ ရောင်းချသူတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

ဈေးထဲက လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံး ကိုဗစ်ကြောင့် ဆိုင်ပိတ်သွားတယ်။ ပိတ်လိုက်တာ (၃)ရက်ရှိသွားပြီ။ အခု အနံ့မရတော့မှ ဆိုင်ပိတ်လိုက်တာ။  အဲဒီလက်ဖက်ရည်ဆိုင်က (၂၅)ရက်နေ့အထိ အထည်ဆိုင်တွေ၊ သားငါးဈေးသည်တွေကို  လိုက်ပို့တာတော့ရှိတယ်။ ဈေးကို ဘယ်တာဝန်ရှိသူတွေကမှ ဘာမှလာမလုပ်ပေးဘူး။ ဆေးဖျန်းတာလည်းမရှိဘူး။ ဈေးတွေ ပုဂ္ဂလိကဈေးတွေ ပိတ်တယ်လို့ ကြေငြာတာပဲရှိတယ်။ ဘယ်ဈေးမှ သေချာမပိတ်ဘူး။ ဘာမှ ထိရောက်အောင် မလုပ်ပေးဘူး။ အသားငါးတန်းဆို (၁၁)နာရီထိုးတာနဲ့  ဝီစီလာမှုတ်တယ်။ ပိတ်ပိတ်ဆိုပြီးတော့ ငါးသည်၊ ကြက်သည်တွေကတော့ ညနေအထိ ရှိတယ်။ ဒါပေမဲ့ ဈေးဝယ်တော့ သိပ်မရှိတော့ဘူး။

ဟု ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

ဈေးရောင်းချခွင့်ပိတ်ထားသည်ဟု ဆိုသော်လည်း သက်ဆိုင်ရာက စိစစ်တင်းကြပ်နိုင်ခြင်းမရှိ၍ ဆိုင်အချို့ကဆက်လက်ဖွင့်နေရာ ကျန်ဈေးဆိုင်များကလည်း လိုက်ဖွင့်ရာမှ မလိုက်နာသည့်ဆိုင်များလာသည်ဟု သိရသည်။

စည်းကမ်း တင်းတင်းကြပ်ကြပ်နဲ့ ထိထိရောက်ရောက်ဆိုတာ မရှိဘူး။ ကျွန်မတို့လည်း ဈေးကိုပိတ်လိုက်စေချင်တာ။ တစ်ပတ်၊ ဆယ်ရက်ပိတ်လိုက်။ အခုက အများဖွင့်တော့ လိုက်ဖွင့်နေရတာ။ စည်ပင်ကြေးရော၊ ကျန်းမာရေး(တိမွေးကု)ကြေးရော၊ အခွန်တွေ အများကြီးပေးနေရတာ။ အခွန်အခလည်း လျှော့ပေးတာ မရှိဘူးဆိုတော့ မထွက်ရင်လည်း နေ့စဉ်သွင်းနေရမှာဆိုတော့ မထွက်လို့လည်းမရ ကျွန်မတို့လည်း စိတ်ရှုပ်နေပြီ။ စည်ပင်ကြေးလည်း ပေးရတယ်။ အခွန်အခက ရက်ကျော်လို့ မရဘူး။ တိမွေးကုက  ဘာတစ်ခုမှလည်း ကျွန်မတို့ကို လာလုပ်ပေးတာလည်းမရှိပါဘူး။ အခွန်အခပဲ ကောက်တာ

ဟု ဈေးသည်တစ်ဦးက ပြောသည်။

ဈေးများနည်းတူ လူစုလူဝေးဖြစ်သည့် လောင်းကစားရုံများမှာလည်း COVID 19 နှင့်ပတ်သက်၍ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဟု ဒေသခံများထံမှ သိရသလို အချို့ရပ်ကွက်များတွင် လောင်းကစား ဂိမ်းခုံများ ကားများဖြင့် လိုက်ချနေသည်ဟုလည်း သိရသည်။

ကိုဗစ်ကြောင့် ပိတ်ထားရမယ်ဆိုပေမဲ့ ကာစီနိုတွေကတော့ ခိုးဖွင့်နေတုန်းပဲ။ သက်ဆိုင်ရာကိုလည်း မတိုင်ရဲပါဘူး။ ဗျူဟာကရော ထွေအုပ်ရော၊ ရဲကပါ ခွင့်ပြုပေးထားလို့လေ။ တာချီလိတ်မှာ လောင်းကစားမမှန်သမျှ သူတို့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဖွင့်ရဲဘူး။ ဖမ်းခံရရင်တော့ အပေးအယူမမျှလို့ ဖမ်းတာပဲရှိတယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ တာချီလိတ်မြို့က အတည်ပြုလူနာတွေ့ရှိမှု အများဆုံးဖြစ်နေပြီး  COVID 19 တတိယလှိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့အထိ အတည်ပြုလူနာ (၁,၁၀၀) ကျော်ကို တွေ့ထားရခြင်းဖြစ်သည်။

#TachileikNewsAgecny