တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိပြီး (၉)ရက်အကြာတွင် အသက်(၃၅)နှစ်အရွယ် လူငယ်တစ်ဦး ရုတ်တရက်လဲကျ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိပြီး (၉)ရက်အကြာတွင် အသက်(၃၅)နှစ်အရွယ် လူငယ်တစ်ဦး ရုတ်တရက်လဲကျ သေဆုံး
ဇူလိုင် 26, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် အသက်ကြီးသူများသာ သေဆုံးမှုအဖြစ် (၅)ဦးအထိ ရှိလာနေရာမှ ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့တွင် အသက်(၃၅)နှစ်အရွယ် လူငယ်တစ်ဦးသည် ရုတ်တရက် လဲကျ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့တွင် နေထိုင်သူ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းတွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့က Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်၍ တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုအတွင်းရှိ Covid-19 သီးသန့် စောင့်ကြည့်ဆောင်တွင် ထားရှိပြီး (၉)ရက်မြောက်နေ့တွင် သေဆုံးသွားခြင်း ဖြစ်သည်။

သေဆုံးသူသည် ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းများသာရှိပြီး အောက်ဆီဂျင်ပေးထားရသူမဟုတ်ဘဲ ရုတ်တရက် လဲကျသေဆုံးသွားခြင်းဖြစ်သည်ဟု သိရပြီး ၎င်းအား ချက်ချင်း သင်္ဂြိုလ်လိုက်ရကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း  ဇူလိုင်လ(၁၉)ရက်နေ့က အသက်(၆၃)နှစ်အရွယ် နှင့်(၆၅)နှစ်အရွယ် အတည်ပြုလူနာ (၂)ဦး၊ ဇူလိုင်လ(၂၄)ရက်နေ့က အသက် (၇၀) နှင့် (၇၁)နှစ်အရွယ် အတည်ပြုလူနာ (၂) ဦးနှင့် ဇူလိုင်လ(၂၅)ရက်နေ့ ညပိုင်းက အသက်(၄၅)နှစ်အရွယ် အတည်ပြုလူနာ (၁) ဦး စုစုပေါင်း  (၅)ဦးအပြင် ယနေ့ အသက်(၃၅)နှစ်အရွယ်ရှိ လူငယ်တစ်ဦး အပါအဝင် သေဆုံးသူ (၆)ဦးအထိ ရှိလာနေသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့အထိ Covdi-19 ကူးစက်ခံရသူ (၁၀၀၀)ကျော်သွားပြီး၊ စောင့်ကြည့်ကုသဆောင်ကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၄၀၀)ကျော်ပြီဟု သိရသည်။

#TachileikNewsAgency