ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ အမျိုးသမီး သေဆုံး

ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ အမျိုးသမီး သေဆုံး
ဇူလိုင် 7, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၂၉ )ရက်နေ့က COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိထားသည့် အသက် (၃၄) နှစ်အရွယ် အမျိုးသမီးမှာ ဇူလိုင်လ (၇) ရက်နေ့ညပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။



ကျောက်မဲမြို့နယ်အတွင်း ဇွန်လ (၂၀) ရက်နေ့မှစ၍ ဇူလိုင်လ (၇) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၉၇) ဦးရှိနေပြီး ယင်းတို့အနက် အမျိုးသမီးလူနာ (၃) ဦး သေဆုံးသွားပြီဖြစ်သည်။

ယနေ့ ကျောက်မဲပြည်သူ့ဆေးရုံ အရေးပေါ်သို့လာရောက်သည့် အမျိုးသမီးတစ်ဦးမှာလည်း COVID 19 မစစ်မီ သေဆုံးသွားသဖြင့် PPE များဝတ်၍ သဂြိုလ်ခဲ့ရပြီး ဆေးရုံက ဓါတ်ခွဲနမူနာရယူစစ်ဆေးခြင်းမလုပ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တွေ့ရသည့် အတည်ပြုလူနာများတွင် လူအများအပြားနှင့် ထိတွေ့မှုများသည့် ရုံးတက်နေသည့် ဝန်ထမ်းများ၊ လှည့်လည်ရောင်းချနေသည့် ဈေးသည်များ၊ ဈေးဆိုင်များမှလည်းပါဝင်သည်ကို တွေ့ရသည်။



အတည်ပြုလူနာများကို ကျောက်မဲနှင့် နောင်ပိန်ဆေးရုံများတွင် ကုသပေးနေခြင်းဖြစ်သည်။



စစ်တပ်က အာဏာသိမ်းသည့်နေ့မှစ၍ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားရာ COVID 19 တတိယလှိုင်းဖြစ်ပွားလာခြင်းဖြစ်သည်။