တာချီလိတ်မြို့သို့ မန္တလေးမြို့မှ ကနဦး သီးခြား တင်သွင်းလာသည့် စက်သုံးဆီ ဂါလံ (၈,၈၀၀) ရောက်ရှိ

တာချီလိတ်မြို့သို့ မန္တလေးမြို့မှ ကနဦး သီးခြား တင်သွင်းလာသည့် စက်သုံးဆီ ဂါလံ (၈,၈၀၀) ရောက်ရှိ
စက်တင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့ မန္တလေးမြို့မှ ကနဦး သီးခြား တင်သွင်းလာသည့် စက်သုံးဆီ ဂါလံ (၈,၈၀၀) ရောက်ရှိ
မယ်ဆိုင်နယ်စပ်မှ စက်သုံးဆီအဝင် အကန့်အသတ်ဖြစ်နေစဉ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မန္တလေးမြို့မှ စက်သုံးဆီ ဂါလံ (၈,၈၀၀) တင်လာသည့် ဆီဘောက်ဆာယာဉ် (၂)စီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၂၂) ရက်နေ့ ညနေပိုင်းက ရောက်ရှိလာပြီဖြစ်သည်။
“မန္တလေးကနေမှာတဲ့အတွက် ထိုင်းဘက်မှာထက် ကားခမှာ ဈေးနည်းနည်းလေးပိုတယ်။ လက်ရှိရောင်းနေတဲ့ဈေးနှုန်းအတိုင်းပဲ ရောင်းနိုင်ပါတယ်။ ဈေးတက်စရာ အကြောင်းမရှိပါဘူး။ ဆီအရည်အသွေးကလည်း ပြည့်တဲ့အတွက် ဖောက်သည်တွေကို စိတ်သန့်သန့်နဲ့ရောင်းပေးနိုင်တယ်”ဟု စက်သုံးဆီလုပ်ငန်းရှင် ဦးစိုင်းလုံခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား COVID-19 ရောဂါကြောင့် ယာဉ်စီးရေ တစ်ဖက် (၆) စီးကန့်သတ်လိုက်ပြီးနောက် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်းမှစက်သုံးဆီများ သယ်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်မှ စက်သုံးဆီကို အဓိကသုံးစွဲနေသည့် တာချီလိတ်အတွက် ပြည်တွင်းမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရန် စီစဉ်မှုဖြင့် တာချီလိတ်မှ ဆီဘောက်ဆာယာဉ်များ တောင်ကြီး၌ သွားရောက် သယ်ယူနေချိန်တွင် မန္တလေးမြို့မှလည်း တာချီလိတ်သို့ စက်သုံးဆီများ စတင် တင်သွင်းလာခြင်းဖြစ်သည်။
မန္တလေးမှ တင်သွင်းသည့် ဒီဇယ်ဆီအရည်အသွေးမှာ မယ်ဆိုင်ဘက်မှ တင်သွင်းသည့် ဆီအရည်အသွေးနှင့် ကွာခြားမှုမရှိသော်လည်း OCTINE (91) ဆီအရည်အသွေး၌ ပို၍ကောင်းမွန်ကြောင်း သိရသည်။
စက်တင်ဘာလ(၂၂)ရက်နေ့က စက်သုံးဆီသယ်ဆောင်ရန်အတွက် တောင်ကြီးမြို့သို့ ထွက်ခွာသွားသည့် ဆီဘောင်ဆာယာဉ်များသည်လည်း  စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်သို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက် 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~