ထိုင်းနိုင်ငံကို ပြန်ရောက်လျှင် ထောင်ဒဏ်ကျခံရန်အသင့်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား

 ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ [ Photo:  Isaac Lawrence/AFP ]
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ [ Photo: Isaac Lawrence/AFP ]
ထိုင်းနိုင်ငံကို ပြန်ရောက်လျှင် ထောင်ဒဏ်ကျခံရန်အသင့်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား
By Mr John

 နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက လာမည့် ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ ၎င်း၏ ထောင်ဒဏ်ကို ထိုင်းနိုင်ငံတွင် ကျခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လက်ကျန်ဘဝကို မိသားစုနှင့်အတူ ကုန်ဆုံးသွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ 

ဂျပန်နိုင်ငံသို့ သွားရောက်သည့် ခရီးစဥ်အတွင်း Koydo News  သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် သက်ဆင်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ကိုယ်တိုင် ပြည်ပြေးအဖြစ် နိုင်ငံမှစွန့်ခွာခဲ့ကာ နှစ်များနှင့်ချီကြာ ပြည်ပတွင် နေထိုင်ခဲ့ရပြီးနောက် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်မသွားနိုင်မီ ၎င်း၏အချိန်ကို စောင့်ဆိုင်းနေခဲ့ကြောင်း သက်ဆင်က ဆိုသည်။

 ဝန်ကြီးချုပ်ဟောင်းသက်ဆင်မှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီးနောက် အကျိုးစီးပွားပဋိပက္ခအတွက် ထောင်ဒဏ် (၂) နှစ် ချမှတ် မခံရမီ ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်မိသားစုနဲ့ အတူနေခွင့် မရအောင် တားဆီးထားတာကြောင့် အခုဆို ကျွန်တော်က ကြီးမားတဲ့ အကျဥ်းထောင်ကြီးထဲမှာ (၁၆) နှစ်ကြာ အကျဥ်းကျနေခဲ့ရပြီးသားပဲလေ" ဟု အသက် (၇၃) နှစ်အရွယ် သက်ဆင်က မွေးရပ်မြေမှ အဝေးကို ရောက်ရှိနေသည့် ၎င်း၏ဘဝကို ရည်ညွှန်းပြောခဲ့သည်။ 

"ကျွန်တော် ခံစားခဲ့ရတာ လုံလောက်ပြီ။ တကယ်လို့ ပိုသေးငယ်တဲ့ အကျဥ်းထောင်တစ်ခုထဲမှာ ခံစားရမယ်ဆိုရင်လည်း ကျွန်တော် အဆင်ပြေပါတယ်" ဟု သက်ဆင်က ဖွင့်ဟခဲ့သည်။

"ဒါက ကျွန်တော် ပေးဆပ်ဖို့လိုတဲ့ အမှန်တကယ် တန်ဖိုးမဟုတ်ဘူးဗျ။ ဒါပေမဲ့ ကျွန်တော် ပေးဆပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မြေးတွေနဲ့ ကျွန်တော် နေချင်တယ်ဗျာ။ ကျွန်တော့်ဘဝရဲ့ ကျန်တဲ့သက်တမ်းကို ကျွန်တော့်ကလေးတွေနဲ့ ကျွန်တော့်မြေးတွေနဲ့ ကုန်ဆုံးသင့်တာပေါ့" ဟု သက်ဆင်က ပြောသည်။ 

ထိုင်းနိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်က ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

သက်ဆင်က လာမည့် မေလ (၁၄) ရက် ရွေးကောက်ပွဲတွင် ၎င်း၏မိသားစု ဦးဆောင်သည့် ဖူထိုင်း (Pheu Thai) ပါတီက အောက်လွှတ်တော်၌ အမတ်နေရာအများစု အနိုင်ရလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောခဲ့သည်။ 

သက်ဆင်၏ အငယ်ဆုံးသမီး ပက်သွန်တန် ရှင်နာဝပ်ထရာမှာ ဖူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း (၃) ဦးအနက် တစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံတွင် လွှတ်တော်ကို မတ်လ (၂၀) ရက်နေ့က ဖျက်သိမ်းခဲ့ပြီး မတ်လ (၂၁) ရက်နေ့တွင် ရွေးကောက်ပွဲရက်ကို ကော်မရှင်ဥက္ကဌက အတည်ပြုခဲ့သည်။ 

ယခုလာမည့် ၂၀၂၃ခုနှစ် မေလ (၁၄) ရက် ထိုင်းရွေးကောက်ပွဲတွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်သော စစ်တပ်ထောက်ခံသည့် ကွန်ဆာဗေးတစ်အုပ်စုနှင့် ရှင်နာဝပ်ထရာမိသားစု ဦးဆောင်သော ထိုင်းနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီ ဖူထိုင်း (Pheu Thai) တို့ကြား တစ်နိုင်ငံလုံး အကြိတ်အနယ် ယှဥ်ပြိုင်မှုကို တွေ့လာရမည်ဟု သုံးသပ်ထားကြသည်။

Source: Bangkok Post