မလေးရှား လဝက၏ ထိန်းသိမ်းရေးစခန်းမှ ရိုဟင်ဂျာ (၅၀၀) ကျော် ထွက်ပြေး

မလေးရှား လဝက၏ ထိန်းသိမ်းရေးစခန်းမှ ရိုဟင်ဂျာ (၅၀၀) ကျော် ထွက်ပြေး
By Mr John

 မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ထိန်းသိမ်းထားသည့် တရားမဝင် ရွှေ့ပြောင်းလာသူ ရိုဟင်ဂျာ (၅၀၀) ကျော် ဧပြီ (၂၀) ရက် နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Khairul Dzaimee Daud က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားမှုအရ Penang ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန၏ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းကနေ ထိန်းသိမ်းထားသူ (၅၂၈) ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။



ထိန်းသိမ်းထားသူများမှာ ဧပြီ (၂၀) ရက် ဒေသစံတော်ချိန် နံနက်(၄)နာရီ(၃၀)မိနစ်တွင် ထိန်းသိမ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ၎င်းကဆိုသည်။

"သူတို့က အခန်းတံခါးတွေနဲ့ ခြံစည်းရိုးအကာအရံတွေကို ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့ကြတယ်။ တာဝန်ကျ အရာရှိတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပြီး အကူအညီတောင်းပါတယ်" ဟု Khairul Dzaimee Daud က ပြောသည်။



ယာယီထိန်းသိမ်းရေးစခန်းမှာ Kedah နှင့် Penang ပြည်နယ်နယ်စပ်အနီး တည်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ထိန်းသိမ်းရေးစခန်းများတွင် ပုံမှန်အားဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားလေ့ရှိပြီး နေထိုင်ရသည့်အခြေအနေမှာ ဆိုးရွားသည်ဟု ဆိုသည်။

မလေးရှားထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် ရိုဟင်ဂျာ (၅၀၀) ကျော်ကို ရဲတပ်ဖွဲ့၊ Volunteer Corps (RELA) နှင့် ပြည်သူများနှင့်အတူ ပူးပေါင်းရှာဖွေနေကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။



"ဧပြီ (၂၀) ရက် နံနက် (၁၀) နာရီအထိ (၃၆၂) ယောက်ကို ပြန်မိထားပါပြီ။ ကျန်တဲ့သူတွေကို ဆက်လက် ရှာဖွေနေပါတယ်" ဟု Khairul Dzaimee Daud က ဆိုသည်။

အများပြည်သူအနေဖြင့် ထွက်ပြေးလွတ်မြောက်သွားသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရရှိပါက လူဝင်မှုကြီးကြပ်ရေးဌာန သို့မဟုတ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန်လည်း ၎င်းက ပန်ကြားခဲ့သည်။



Source: CNA

Photo: AFP/Handout/Royal Malaysia Police