အကိုဖြစ်သူ မင်းသားဝီလျံက ၎င်းအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား

အကိုဖြစ်သူ မင်းသားဝီလျံက ၎င်းအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ဇနီးသည် မက်ဂန်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်အတွင်း အချေအတင်ဖြစ်ခဲ့စဥ် အကိုဖြစ်သူ မင်းသားဝီလျံက ၎င်းအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက ၎င်း၏ စာအုပ်တွင် ရေးသားထားကြောင်း The Guardian သတင်းက ပြောသည်။ 

ဗြိတိန်သတင်းစာ The Guardian က မင်းသားဟယ်ရီ၏ စာအုပ်ကို တရားဝင် ထွက်ရှိမည့်ရက်ထက် ကြိုတင်၍ ဖတ်ရှုခွင့်ရသည်ဟု ဆိုသည်။

မင်းသားဟယ်ရီက ၎င်း၏အတွေ့အကြုံများကို ရေးသားထားသည့် "Spare" ဟု အမည်ပေးထားသော စာအုပ်၏ စပိန်ဘာသာပြန်စာအုပ်ကို မက်ဒရစ်မြို့တွင် ဝယ်ယူရရှိခဲ့ကြောင်း Reuters သတင်းက ပြောသည်။ 

ထိုစာအုပ်ကို ဇန်နဝါရီလ (၁၀) ရက်တွင် ဖြန့်ချိရန် စီစဥ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

ဇနီးသည် မက်ဂန်နှင့်ပတ်သက်၍ ညီအကိုနှစ်ဦးကြား အချေအတင်ဖြစ်ခဲ့စဥ် ဝီလျံက ၎င်းအား ကြမ်းပြင်ပေါ်သို့ တွန်းထိုးချခဲ့သည်ဟု ဟယ်ရီက "Spare" စာအုပ်တွင် ပြောထားသည်။

The Guardian ၏ ဖော်ပြမှုအရ ဝီလျံက မက်ဂန်ကို ဆက်ဆံရခက်သူ၊ ရိုင်းစိုင်းသူ၊ ခက်ထန်ကြမ်းတမ်းသူဟု သုံးနှုန်းပြောခဲ့သည်ဟု ဆိုသည်။ 

"ဝီလျံက ကျွန်တော့် အင်္ကျီကော်လံကိုဆွဲ ကျွန်တော့်ဆွဲကြိုးကိုဆွဲပြီး  ကြမ်းပြင်ပေါ် တွန်းထိုးချတဲ့အထိ အချေအတင်ဖြစ်တာက ပြင်းထန်ခဲ့တယ်" ဟု ဟယ်ရီက ၎င်း၏စာအုပ်တွင် ရေးသားထားကြောင်း The Guardian က ပြောသည်။

ဝီလျံက ပြန်တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သော်လည်း ဟယ်ရီက မလုပ်ခဲ့ဟုလည်း ဆိုသည်။ 

နောက်ပိုင်းတွင် မင်းသားဝီလျံက အချေအတင်ဖြစ်သည့်နေရာသို့ ပြန်လာပြီး တောင်းပန်ခဲ့ကြောင်းနှင့် ထိုဖြစ်ရပ်ကို မက်ဂန်အား ပြန်မပြောရန် မှာကြားခဲ့သည်ဟု ဟယ်ရီက စာအုပ်တွင် ရေးသားထားသည်။ 

ချားလ်စ်ဘုရင်နှင့် မင်းသားဝီလျံတို့၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

မင်းသားဟယ်ရီနှင့် ရုပ်ရှင်မင်းသမီးဟောင်းဖြစ်သူ မက်ဂန်တို့မှာ ၂၀၁၈ ခုနှစ်တွင် လက်ထပ်ခဲ့ပြီးနောက် (၂) နှစ်အကြာ၌ တော်ဝင်မိသားစုဝင် အလုပ်တာဝန်များမှ နုတ်ထွက်ခဲ့ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ 

လာမည့် မေလတွင် ပြုလုပ်ရန်ရှိသည့် ဖခင်ဖြစ်သူ ချားလ်စ်ဘုရင်၏ နန်းတက်ပွဲသို့ ၎င်းတို့မိသားစု တက်ရောက်ရန်ရှိ မရှိ မပြောနိုင်သေးဟု ဆိုသည်။

Source: CNN, Reuters