ထိုင်းတွင် လူသတ်မှုဖြင့် စွဲချက်တင်ခံရသည့် မြန်မာများ၏ ထွက်ဆိုချက်အရ အသတ်ခံရသူက အမျိုးသမီး တစ်ဦးကို အဓမ္မခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ဟုဆို

လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်  [ Photo: Assawin Pakkawan ]
လူသတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် [ Photo: Assawin Pakkawan ]
ထိုင်းတွင် လူသတ်မှုဖြင့် စွဲချက်တင်ခံရသည့် မြန်မာများ၏ ထွက်ဆိုချက်အရ အသတ်ခံရသူက အမျိုးသမီး တစ်ဦးကို အဓမ္မခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ဟုဆို
By Mr John

 တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၃) ဦးကို အသက် (၄၀) နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးအား သတ်ဖြတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။ 

အဆိုပါ ထိုင်းအမျိုးသားက တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် ၎င်းတို့အုပ်စုထံမှ ခြိမ်းခြောက်ပြီး ငွေတောင်းခဲ့ကြောင်းနှင့် အတူပါရှိသူ အမျိုးသမီးတစ်ဦးကိုလည်း ၎င်းနှင့်အတူ ခေါ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စွဲချက်တင်ခံရသူ မြန်မာရွှေ့ပြောင်းလုပ်သားများက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြသည်။

ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Surachate Hakparn ၏ ပြောကြားမှုအရ ခရိုင်ရဲတပ်ဖွဲ့ နယ်မြေ (၉)၊ Thung Lung နှင့် Songkhla ရဲတပ်ဖွဲ့မှ အမှုစစ်အရာရှိများက ဇွန်လ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော Maddol Binson အသတ်ခံရမှုမှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၈) ဦး ပါဝင် ပတ်သက်နေကြောင်း သက်သေအထောက်အထားများ ရရှိခဲ့ကြသည်ဟု ဆိုသည်။ +

အသတ်ခံရသည့် ထိုင်းအမျိုးသားမှာ Na Mom ခရိုင်ရှိ ပြည်နယ်လျှပ်စစ်ဓာတ်အားအာဏာပိုင်အဖွဲ့က ငှားရမ်းထားသည့် သစ်ပင်ခုတ်လုပ်ငန်းတစ်ခု၏ ဝန်ထမ်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ အမှုစစ်အရာရှိများက မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား (၅) ဦးကို ဖမ်းဆီးရန် Songkhla ခရိုင်တရားရုံးထံမှ ဖမ်းဝရမ်းရရှိထားသည်ဟု ဆိုသည်။ 

လူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သူ အခြား (၃) ဦးမှာ မည်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးနေကြသည်။ 

ဖမ်းဝရမ်းထုတ်ထားသည့် ယခုလူသတ်မှုတွင် ပါဝင်ပတ်သက်သူ အမျိုးသား (၅) ဦးအနက် (၃) ဦးကို ဖမ်းဆီးထားပြီး လူသတ်မှုတွင် ပူးပေါင်းကြံစည်မှုနှင့် အလောင်းဖျောက်မှုတို့ဖြင့် စွဲချက်တင်ထားကြောင်း ထိုင်ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲက သတင်းထောက်များကို ပြောသည်။

စွဲချက်တင်ထားသည့် သံသယရှိသူ (၃) ဦးမှာ အသက် (၂၅) နှစ်အရွယ် ကိုမောင်၊ အသက် (၃၂) နှစ်အရွယ် စံအေး နှင့် အသက် (၃၄) နှစ်အရွယ် ချစ်ကိုကို တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

နောက်ထပ် ဖမ်းဝရမ်းထုတ်ထားသူ (၂) ဦးမှာ အသက် (၃၂) နှစ်အရွယ် မြဝင်း နှင့် အသက် (၂၇) နှစ်အရွယ် အောင်ကိုဝင်း တို့ဖြစ်ကြောင်း သိရသည်။ 

 

ရဲတပ်ဖွဲ့က လူသတ်မှုနှင် ဆက်စပ်သည့် ပစ်ကပ်ထရပ်ကား (၄) စီးနှင့် မော်တော်ဆိုင်ကယ် (၂) စီးကို သိမ်းဆည်းခဲ့သည်။ 

ထိုယာဥ်များမှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို သယ်ယူပို့ဆောင်ရန် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး Surachate Hakparn က ပြောသည်။ 

ယခုအမှုတွင် အသတ်ခံရသည့် Maddol Binson ၏ အလောင်းကို ပါးစပ်ပိတ်ဆို့ထားပြီး လက်နှင့်ခြေထောက်ကို နွယ်ပင်များဖြင့် တုပ်နှောင်ထားလျက်ဖြင့် အသစ်တူးထားသော ခပ်တိမ်တိမ် တွင်းတစ်ခုထဲတွင် ဇွန်လ (၁) ရက်နေ့က တွေ့ခဲ့ရခြင်း ဖြစ်သည်။

၎င်း၏ ဦးခေါင်းတွင် ထုနှက်ခံထားရသည့် ဒဏ်ရာတွေ့ရပြီး အလောင်းမြှုပ်နှံထားသည့်နေရာမှ မီတာ (၃၀၀) ခန့်အကွာရှိ ရေအိုင်တစ်ခုအတွင်း ၎င်း၏မော်တော်ဆိုင်ကယ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။ 

ထိုနေရာတဝိုက်တွင် တိုက်ခိုက်ထားသည့်လက္ခဏာများ တွေ့ရသည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။ 

ထိုအလောင်းတွေ့ရှိပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ အမှုစစ်အရာရှိများက Songkhla ပြည်နယ် Ban Phru နယ်မြေရှိ ငှားရမ်းထားသည့် နေအိမ်တစ်အိမ်တွင် ပုန်းအောင်းနေသော တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၁၀၉) ဦးကို ဖမ်းဆီးခဲ့ပြီး လူသတ်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့သည်။

၎င်းတို့ကို စစ်ဆေးမေးမြန်းမှုများအရ ထိုင်းအမျိုးသား Maddol Binson ကို သတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် မြန်မာအမျိုးသား (၈) ဦးကို အာရုံစိုက် ဖော်ထုတ်ခဲ့သည်ဟု ဒုတိယရဲဗိုလ်ချုပ်ကြီး Surachate Hakparn က ဆိုသည်။ 

ဖမ်းဆီးခဲ့သူများအနက် သံသယရှိသူ (၃) ဦးက ၎င်းတို့နှင့် အခြား တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှ လူသတ်မှုမတိုင်မီ မေလ (၃၁) ရက်နေ့တွင် အခင်းဖြစ်ပွားခဲ့သည့် တောအုပ်နေရာသို့ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာခဲ့ကြကြောင်း ထွက်ဆိုသည်။ 

မလေးရှားကို ဆက်လက်ထွက်ခွာရန်အတွက် ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ (၁) ရက်နေ့တွင် ၎င်းတို့ ပုန်းအောင်းနေသည့်နေရာသို့ ထိုင်းအမျိုးသား Maddol Binson ရောက်ရှိလာခဲ့သည်။ 

Maddol Binson က သေနတ်တစ်လက်နှင့် ဓားတစ်လက် ကိုင်ဆောင်ထားပြီး ၎င်းတို့ထံမှ ငွေတောင်းခဲ့၍ ၎င်းတို့က ငွေအချို့ စုဆောင်းပြီး ပေးခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။ 

ထို့နောက် Maddol Binson က အမျိုးသမီးတစ်ဦးကို ၎င်းတို့အတူ လိုက်ခဲ့ရန် အတင်းအကျပ် ဆွဲခေါ်ခဲ့ရာ အမျိုးသမီးက ရုန်းကန်ခုခံခဲ့သည်။

ထိုအချိန်တွင် မြန်မာအမျိုးသားများက အမျိုးသမီးကို ကူညီရန် ကြားဝင်ဟန့်တားခဲ့ကြသည်။ 

၎င်းတို့က ထိုင်းအမျိုးသားကို ဖမ်းချုပ်ခဲ့ကြပြီး ၎င်းကို သစ်ချောင်းအပိုင်းအစများဖြင့် ရိုက်နှက်ခဲ့ကာ နွယ်ပင်များဖြင့် တုပ်နှောင်ထားခဲ့ကြောင်း သိရသည်။ 

ထို့နောက် ထိုင်းအမျိုးသား၏ မိုဘိုင်းဖုန်းဖြင့် ၎င်းတို့၏ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်ထံဆက်သွယ်ပြီး မည်သို့ဖြစ်ပျက်ခဲ့ကြောင်း ပြောခဲ့ကြသည်။ 

အေးဂျင့်က ၎င်းတို့ရှိရာသို့ ပစ်ကပ်ထရပ်ကားများ စေလွှတ်လိုက်ပြီး Ban Phru တွင် ငှားရမ်းထားသော နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

မေလ (၁) ရက် နှောင်းပိုင်းတွင် အခင်းဖြစ်နေရာသို့ ၎င်းတို့ ပြန်လာခဲ့ကြပြီး တွင်းတစ်တွင်းတူးကာ အလောင်းကို မြုပ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။ 

ငှားရမ်းထားသော နေအိမ်သို့ ပြန်မထွက်ခွာမီ Maddol Binson ၏ ဆိုင်ကယ်ကို ရေအိုင်တစ်ခုတွင် ပစ်ထားခဲ့ကြောင်း ဖမ်းဆီးစွဲချက်တင်ထားသူ (၃) ဦးက ပြောသည်။ 

ယခုလူသတ်မှုကို စုံစမ်းစစ်ဆေးမှုမှာ အပြီးမသတ်သေးကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး Surachate Hakparn က ဆိုသည်။ 

ဖမ်းဝရမ်းထုတ်ထားသည့် အခြား အမျိုးသား (၂) ဦး လွတ်မြောက်နေဆဲဖြစ်ပြီး သံသယရှိသူ နောက်ထပ် (၃) ဦးကိုလည်း ရှာဖွေဖမ်းဆီးရန် ကျန်ရှိသေးကြောင်း ၎င်းက ပြောခဲ့သည်။

Source: Bangkok Post