သီပေါမြို့နယ်အတွက် ကလိုရင်းဖျန်းသူများဝတ်ရသည့် ဝတ်စုံ နှင့် ကလိုရင်းများ လိုအပ်နေ

Photo: နှလုံးသားပရဟိတအသင်း(သီပေါ)
Photo: နှလုံးသားပရဟိတအသင်း(သီပေါ)
သီပေါမြို့နယ်အတွက် ကလိုရင်းဖျန်းသူများဝတ်ရသည့် ဝတ်စုံ နှင့် ကလိုရင်းများ လိုအပ်နေ
ဇူလိုင် 24, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် COVID 19 အတည်ပြုလူနာတွေ့သည့် နေအိမ်၊ ရပ်ကွက်များကို ကလိုရင်းလိုက်ဖျန်းပေးနေသည့် “နှလုံးသားပရဟိတအဖွဲ့(သီပေါ)”တွင် ကလိုရင်းဖျန်းသူများဝတ်ရသည့် ဝတ်စုံနှင့် ကလိုရင်းများ လိုအပ်နေပြီဖြစ်၍ အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

အဓိက ကတော့ ပိုးတွေ့လူနာများပြားတဲ့ နေအိမ်တွေ၊ လူနေရပ်ကွက်တွေ ကိုဦးစားပေးပြီးတော့ ပိုးသတ်ဆေး (ကလိုရင်း) လိုက်ဖျန်းပေးတာဖြစ်ပါတယ်။ ဇွန်လ (၂၉) ရက်နေ့က ပိုးတွေ့လူနာရဲ့နေအိမ်ကနေစပြီး လက်ရှိအချိန်ထိ ပိုးတွေ့တဲ့ နေရာတွေတိုင်းကို ဆေးဖျန်းပေးတာတွေလုပ်နေဆဲဖြစ်ပါတယ်။ ဖြစ်ပွားနေတဲ့ ရောဂါတွေ နောက်ထပ် ကူးစက်မှု လျော့ကျဖို့အတွက် နဲ့ ရောဂါကူးစက်မှုလုံးဝမရှိတော့တဲ့အထိ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ လောလောဆယ် မှာတော့ ဆေးရည် (ကလိုရင်း)နဲ့ PPE ဝတ်စုံ မလောက်ငှတာတွေရှိတဲ့အတွက် အခက်အခဲဖြစ်ပေါ်နေပါတယ်

ဟု နှလုံးသားပရဟိတအဖွဲ့( သီပေါ )မှ ကိုနေဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့နယ်တွင် ဇွန်လ ( ၂၉ )ရက်မှစတင်၍  COVID 19 တတိယလှိုင်း၏ အတည်ပြုလူနာစတင်တွေ့ရပြီး ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၅၀၈) ဦး တွေ့ထားရာ အတည်ပြုလူနာများ ထိတွေ့ခဲ့သည့်နေရာများအား ကလိုရင်းဖျန်းခြင်းလုပ်ဆောင်နိုင်ရန် “နှလုံးသားပရဟိတအသင်း(သီပေါ)” သို့ ကလိုရင်း သို့မဟုတ် Sodium Hypochlorite သို့မဟုတ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဆေးရည် သို့မဟုတ် အမိုးနီးယားကွန်ပေါင်းဆေးရည်၊ PPE ဝတ်စုံ၊ လက်အိတ်၊ Mask၊ လက်ဆေးရည် စသည်တို့ကိုလည်းကောင်း အလှူငွေသော်လည်းကောင်းတို့ကို ဖုန်း 09-458180418 ၊ 09-785292319 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်းသိရသည်။ 

 COVID 19 ဗိုင်းရပ်စ်မှာ ၎င်းအားဖုံးထားသည့်အဆီလွှာပေါက်ကွဲသွားစေခြင်းဖြင့် ဗိုင်းရပ်စ်အား ဖျက်ဆီးပစ်နိုင်သဖြင့် ဗိုင်းရပ်စ်၏အဆီလွှာကို ဖျက်ဆီးနိုင်သည့် ဆပ်ပြာ၊ အယ်လ်ကိုဟော (အရက်ပျံ)နှင့် အိမ်သုံးအစွန်းချွတ်ဆေးများဖြစ်ကြသည့် ကလိုရင်း၊  ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဆေးရည်နှင့် အမိုးနီးယားကွန်ပေါင်းဆေးရည်တို့ကို ရေဖြင့်အချိုးကျဖျော်စပ်ထားသည့်အရည်များဖြင့် ဆေးကြော၊ ပက်ဖျန်းခြင်းများကို လုပ်ဆောင်ရခြင်းဖြစ်သည်။

ဆေးဖျန်းပုံးများအသုံးပြု၍ ပက်ဖျန်းကြသည့် ကလိုရင်း၊  ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဆေးရည်နှင့် အမိုးနီးယားကွန်ပေါင်းဆေးရည်တို့မှာ လူ့အသားအရေကိုထိမိပါက အရေပြားစပ်ခြင်း၊ အနံ့အသက်ပြင်းထန်ခြင်းတို့ကြောင့် ဆေးဖျန်းမည့်သူများက အကာအကွယ်ဝတ်စုံများ ဝတ်ဆင်၍ ပက်ဖျန်းရခြင်းဖြစ်သည်။

#TachileikNewsAgency