မိုင်းလုံနှင့် မန်တုံရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု TNLA သိမ်းပိုက်ပြီး ကွန်ခိုင်၊ နမ့်ခမ်းတို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA တိုက်ခိုက်နေ

မိုင်းလုံနှင့် မန်တုံရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု TNLA သိမ်းပိုက်ပြီး ကွန်ခိုင်၊ နမ့်ခမ်းတို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA တိုက်ခိုက်နေ
ဒီဇင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ မိုင်းလုံမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း TNLAထံမှ သိရသည်။

မိုင်းလုံမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လယ်ကြီးတပ်စခန်းကို TNLAနှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ တပ်စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ (၆၀)၊ (၈၀)မမ လက်နက်ကြီးအပါအဝင်၊ လက်နက် (၁၀)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

မန်တုံမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ခိုမုန်းတပ်စခန်းကို TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး  နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းကို TNLAက ဆက်လက်တိုက်ခိုက်နေကာ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကွတ်ခိုင်တပ်စခန်းကိုလည်း တိုက်ခိုက်နေသည်ဟု သိရသည်။

မိုင်းလုံမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လယ်ကြီးတပ်စခန်းကို TNLAပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် (၁၂)ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Y12/Jet Fighterဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်၏ မန်တတ်နှင့် နမ့်ဖတ်ကာတပ်စခန်းမှလည်း နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ လက်နက်ကြီးဖြင့် (၂၇) ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သီပေါမြို့နယ် စံဖိတ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြိုနယ် ပန်လော်ကျေးရွာနှင့် ဟိုနား(ကောင်းကပ်)ကျေးရွာကိုလည်း ဂျက်လေယာဥ်ဖြင့် ပေါင် (၅၀၀)ဗုံးကြဲချရာ ကလေးတစ်ဦးအပါအဝင် အရပ်သား(၅)ဦး သေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News