တောင်ကြီးမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၄၂)ဦး တွေ့ရှိ

တောင်ကြီးမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၄၂)ဦး တွေ့ရှိ
ဇူလိုင် 19, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ တစ်နေ့အတွင်း လူပေါင်း (၂၉၄)ဦးကို စစ်ဆေးရာတွင် Covid-19 ကူးစက်ခံထားရသူ (၁၄၂)ဦး တွေ့ရှိသည့်အထဲ ထွေအုပ်ဝန်ထမ်း (၂)ဦး ပါဝင်ကြောင်း သိရသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ အစိုးရအဖွဲ့ရုံးဟောင်းရှိ Fever Clinic တွင် သံသယရှိသူ အယောက်(၁၀၀)ကို စစ်ဆေးပေးရာတွင် နံနက်ပိုင်းက (၂၇)ဦး နှင့် နေ့လည်ပိုင်းတွင် (၃၅)ဦး စုစုပေါင်း (၆၂)ဦးရှိပြီး မိုးကုတ်ဝိပဿန Quarantine Centre တွင် ထားရှိသည့် (၁၉၄)ဦးတို့အား စစ်ဆေးရာမှာ (၈၀)ဦးတွင် Covid-19 တွေ့ရှိရသည့်အတွက် တစ်နေ့တည်း (၁၄၂)ဦးအဖြစ် စံချိန်တင် တွေ့ရှိကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် ပိုးတွေ့ (၁၄၂)ဦး တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း အမျိုးသား(၁)ဦး နှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

တောင်ကြီးမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့မှ ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ ညနေပိုင်းအထိ Covid-19 တွေ့ရှိထားသူ စုစုပေါင်း (၇၀၀)နီးပါး အထိ ရှိနေကြောင်းနှင့် သေဆုံးသူမှာ ဇူလိုင်လ(၁၆)ရက်နေ့အထိ (၁၆)ဦးရှိနေကြောင်း သိရသည်။