လွိုင်ကော်တွင် မန္တလေးမှပြန်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်၌ ပိုးတွေ့၍ အတည်ပြုလူနာ (၉၂)ဦးရှိလာ

လွိုင်ကော်တွင် မန္တလေးမှပြန်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်၌ ပိုးတွေ့၍ အတည်ပြုလူနာ (၉၂)ဦးရှိလာ
ဇန်နဝါရီ 8, 2021 | Covid-19| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က စစ်ဆေးမှုအတွင်း မန္တလေးမှပြန်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် COVID 19 ပိုးတွေ့ရသဖြင့် အတည်ပြုလူနာစုစုပေါင်း (၉၂) ဦး ရှိလာပြီဖြစ်သည်။ 

မန္တလေးမှ ပြန်လာသည့်  အသက် (၃၃) နှစ်အရွယ် ယာဉ်မောင်းမှာ မန္တလေးမြို့မှ တစ်ဦးတည်း ကုန်များတင်၍ ဇန်နဝါရီလ (၅) ရက်နေ့တွင်လည်ကောင်း၊ အသက်( ၂၄)နှစ်အရွယ် ယာဉ်နောက်လိုက်မှာ ယာဉ်မောင်း (၁)ဦးနှင့်အတူ မန္တလေးမြို့မှ ကုန်တင်၍ ဇန်နဝါရီလ (၆) ရက်နေ့တွင်လည်းကောင်း လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀၀) ဦးတို့အား ဇန်နဝါရီလ (၇) ရက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ (၂) ဦးမှာ Covid-19 ပိုးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ 

Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၂) ဦး၏ ကျန်းမာရေးအခြေနေမှာ ကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီခြားကုသဆောင်တွင် ကုသပေးလျှက်ရှိပြီး ၎င်းတို့နှင့် ထိစပ်မိခဲ့သည့် ယာဉ်မောင်း (၁) ဦးနှင့်ခေါက်တို ယာဉ်မောင်း (၂) ဦးတို့အား လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်းတွင် အသွားလာကန့်သက်၍ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ဇန်နဝါရီလ (၇) ရက်နေ့အထိ Covid-19 အတည်ပြုလူနာ( ၉၂) ဦးထိရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၇၀)ဦး ၊ ဆေးကုသမှုခံယူနေသူ ( ၂၁)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်းသိရသည်။

Tachileik News Agency

ဓာတ်ပုံ-ရွှေလွိုင်ကော် 

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။