ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံတပ်တွင် Covid-19 ကူးစက်ခံထားရသူ တပ်သား(၅၀)ကျော်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အာဏာပိုင်များက သတင်းထိန်ချန်ထားဟု ဒေသခံများက မှတ်ယူ

ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံတပ်တွင် Covid-19 ကူးစက်ခံထားရသူ တပ်သား(၅၀)ကျော်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အာဏာပိုင်များက သတင်းထိန်ချန်ထားဟု ဒေသခံများက မှတ်ယူ
ဇူလိုင် 6, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် တပ်သားရာနှင့်ချီ ရှိနေသည့် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတပ်(တကန)မှ Covid-19 ကူးစက်ခံရသည့် တပ်သား (၅၀)ကျော် ရှိနေကြောင်း ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် သတင်းများထွက်ပေါ်နေ၍ ဒေသခံများ စိုးရိမ်နေကြသော်လည်း အုပ်ချုပ်ရေးပိုင်းက ပွင့်လင်းမြင်သာစွာ ချပြအသိပေးခြင်းမရှိသေးကြောင်း သိရသည်။ 

ရွှေညောင်တပ်ကနေ ပြီးမှ အဲ့တပ်ကို ပစ္စည်းလာပို့တဲ့ လူကနေ ပိုးတွေ့တာလို့ သိရတယ်။ အဲ့ကနေ ဆင့်ပွားဖြစ်ကုန်တာတဲ့၊ အခု Lockdown ချထားတယ်။ အပြင်မထွက်ရဘူးတဲ့  ဟိုပုံးဆေးရုံမှာ လာစစ်တာကတော့ (၃)ဦးပဲ။ အတွင်းသတင်း သိရတာကတော့ အယောက် (၅၀)ကျော်ရှိနေပြီလို့ သိရတယ်။  တပ်ကို Lockdown လုပ်ထားလို့ ဒီနေတော့ ဘယ်သူမှ ထွက်မလာရတော့ဘူး။

ဟု ဟိုပုံး ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၆)ရက်နေ့တွင် ပြောသည်။

အဆိုပါ တပ်မှ စစ်သားများသည် မြို့တွင်း စားသောက်ဆိုင်များတွင် ထိုင်လေ့ရှိသည့်အတွက် ဟိုပုံးမြို့မှ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အတည်ပြုချက် ရယူပြီး လုပ်ဆောင်သင့်သည်များကို အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း နှင့် ပြည်သူအပေါ် သတင်းမထိန်ချိန်သင့်ကြောင်း ဆိုကြသည်။

အခုတပ်ထဲက လူတွေ ကလေးတွေက အစ ဒီနေ့ တပ်ထဲကနေ အဝင်အထွက်လည်းမရှိတော့ဘူး။  အဲ့ဒါကို ကြည့်ပြီးတော့မှ မြို့ထဲက လူတွေက Covid-19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ပြည်သူတွေက မျှော်လင့်နေတယ်။ တပ်နဲ့ပတ်သက်လာရင် ဌာနတွေက သတင်းထိန်ချန်ထားတာကိုလည်း မလိုလားကြဘူး။ အဲ့တပ်က စစ်သားတွေက ပညာရေးမှူးရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြသလို၊ ဘီယာဆိုင်တွေမှာလည်း ထိုင်ကြတယ်။မြို့ထဲက လူတွေကတော့ စားသောက်ဆိုင်တွေကို ယာယီ ပိတ်စေချင်နေကြတယ်။

ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၆)ရက်နေ့တွင် ပြောသည်။

ဟိုပုံမြို့တွင် ယခုလို သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာဌာနများက ဒေသခံများအပေါ် အသိပေးခြင်း၊ Covid-19 ကာကွယ်ရေးနည်းလမ်းများဖြင့် အသိပညာပေးခြင်းများ လုပ်ဆောင်ခြင်း မရှိကြောင်း သိရသည်။

ကျွန်တော်တို့လည်း အဲ့လိုကြားတယ် ဒါပေမဲ့ တိတိကျကျ မသိရသေးဘူး။ အခုက စစ်တပ်က ဖြစ်နေတာဆိုတော့ စစ်တပ်နဲ့ ပတ်သက်လာရင် မြို့နယ်အုပ်ချုပ်ရေးမှူးက အစ ကြောက်ကြတော့ တကယ်မဟုတ်တာလား။ ဟုတ်ပြီး သတင်းထိန်ချန်တာလား ဘာလားဆိုတာတော့ မပြောတတ်ဘူး။ အဲ့တော့ အတည်ပြုပေးနိုင်ဖို့က ခက်တယ်။ အ‌ခြေအနေက အရင်လိုမဟုတ်ဘူး

ဟု ဟိုပုံမြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

ဟိုပုံးမြို့တွင် ဒေသတွင်း ဖြစ်ပေါ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သက်ဆိုင်ရာများက ပြည်သူအပေါ် ပွင့်လင်းမြင်သာစွာချပြမှု အားနည်းကြောင်း သိရသည်။