တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၆၉)ဦး တွေ့ရှိ

Photo: ရှင်းယုံကျဲန့်ဆောက်လုပ်ရေးကုမ္ပဏီ
Photo: ရှင်းယုံကျဲန့်ဆောက်လုပ်ရေးကုမ္ပဏီ
တာချီလိတ်မြို့တွင် ဇူလိုင်လ(၁၈)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၆၉)ဦး တွေ့ရှိ
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်းအတွင်း ကူးစက်မှုများနေသည့် တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၁၆၉)ဦးအထိ တွေ့ရှိထားကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းကစ၍ ညနေ့ပိုင်းအထိ တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက်စစ်ဆေးသူများအနက် (၅၃)ဦးတွင် Covid-19 ကူးစက်ခံထားရကြောင်းတွေ့ရှိရာ  အမျိုးသား (၃၀)ဦး နှင့် အမျိုးသမီး (၂၃)ဦး ပါဝင်ကြောင်း သိရသည်။

ပိုးတွေ့တယ်လို့သာ ပြောတာ  ကျန်းကျန်းမာမာတွေပဲ ဘာမှလည်း ဖြစ်မနေဘူး။ ပိုးစစ်ပေးတဲ့ ဒီ Test Kit တွေက မှန်ရော မှန်ရဲ့လား။ ဘယ်က တရားဝင်သွင်းလာတဲ့ ပစ္စည်းတွေလည်းဆိုတာက အစ မေးစရာဖြစ်နေပြီ

ဟု Fever Clinic တွင် လာရောက်စစ်ဆေးပြီး ပိုးတွေ့သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

ညနေပိုင်းတွင် သီးခြားစစ်ဆေးမှုများအဖြစ် ရောင်နီဦးကွင်းထဲမှ (၇)ဦး နှင့်  တာချီလိတ်မြို့ ရှင်းယုံကျဲန့်ဆောက်လုပ်ရေးကုမ္ပဏီမှ (၁၀၉)ဦး တို့တွင်လည်း Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

 



 

ယနေ့ ညနေပိုင်းတွင် (၁၀၉)ဦးအထိ တွေ့ရသည့် ရှင်းယုံကျဲန့်ဆောက်လုပ်ရေးကုမ္ပဏီ၏ လုပ်ငန်းတည်နေရာသည် တာချီလိတ်မြို့ ဟွေရဲဂိတ်အနီးရှိတွင် တည်ရှိနေပြီး ဆောက်လုပ်ရေးလုပ်သား (၂၀၀)ကျော်ကို ယနေ့ညနေပိုင်းတွင် ကျန်းမာရေးမှ သွားရောက်ပြီး စစ်ဆေးရာက (၁၀၉)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပိုးတွေ့ရသူများသည် ရောဂါလက္ခဏာပြခြင်းမရှိဘဲ ကျန်းမာနေလျက်ရှိသည့်အတွက် စစ်ဆေးသည့် Test Kit များပေါ်တွင် သံသယဖြစ်မိကြောင်း ဆိုသည်။

ယနေ့ ပိုးတွေ့သည့် (၁၆၉)ဦးတွင် ပုန်းထွန်၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ပါလျှံ(၁)၊ ဝိန်းကျောက်၊ တော်ကော့၊ ဘုရင့်နောင်ဈေး၊ lucky Hotel၊ ပါဝုန်း၊ ဟုန်ပန်း၊ မိုင်းဖုန်းတို့မှ ဖြစ်ကြပြီး Online Game လုပ်ကိုင်သူများ၊ ပန်းရံလုပ်သူများ၊ ဟိုတယ်ဝန်ထမ်းလုပ်သူများ၊ ဂိမ်းခုံတွင် လုပ်သူများ နှင့် ဆိုင်ကယ် Taxi တို့လည်း ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ တစ်နေ့တည်း Covid-19 ပိုးတွေ့ရှိသူ (၁၆၉)ဦးအထိ တွေ့ရှိသလို သေဆုံးသူလည်း (၂)ဦးရှိလာကြောင်း နှင့် ဆေးရုံဆင်းခွင့်ရရှိသူမှာ (၁၆၀)ကျော်အထိရှိကြောင်းလည်း သိရသည်။