လာအိုနိုင်ငံဘက်ကတဆင့် လျှပ်စစ်မီး ရယူဖြန့်ဖြူးပေးနေသည့် တာလေနှင့်ကျိုင်းလပ်မြို့များတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်၍ သုံးစွဲသူများ အခက်အခဲဖြစ်နေ

လာအိုနိုင်ငံဘက်ကတဆင့် လျှပ်စစ်မီး ရယူဖြန့်ဖြူးပေးနေသည့် တာလေနှင့်ကျိုင်းလပ်မြို့များတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်၍ သုံးစွဲသူများ အခက်အခဲဖြစ်နေ
ဇူလိုင် 22, 2021 | ရှမ်းရှေ့

လာအိုနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်နှင့် တာလေမြို့များတွင် လျှပ်စစ်မီးကို ကြိုတင်အသိမပေးဘဲ မကြာခဏပြတ်တောက်မှုကြောင့် လျှပ်စစ်နှင့်အသုံးပြုရသည့် စက်ပစ္စည်းများ မကြာခဏချို့ယွင်းမှုနှင့် ကြုံနေရကြောင်း သိရသည်။

လာအိုနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို မြို့မီးလင်းရေးကော်မတီအနေဖြင့် ဝယ်ယူကာ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်ပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မည်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ မကြာခဏဖြတ်တောက်နေသဖြင့် လျှပ်စစ်အသုံးပြုလုပ်ငန်းများ အခက်အခဲဖြစ်ရသည့်အပြင် စက်ပစ္စည်းများလည်း မကြာခဏချို့ယွင်းမှုဖြစ်ရသည်ဟု ဒေသခံများထံမှ သိရသည်။

မီတာကောက်တဲ့သူကို မေးကြည့်တော့ ဖျူးစ်ပြတ်တယ်ပဲ အမြဲပြောတယ်။ မီးဖြတ်တောက်မယ်ဆိုရင် ကြိုတင်အသိပေးစေချင်တာပါ။ နောက်တစ်ခုက တာချီလိတ်မှာဆို မီးလင်းရေးကော်မတီက ကိုဗစ်ကာလဆိုပြီး လျှော့ပေးတယ်။ ဒီမှာလည်း မီတာခလျှော့ပေးတာမျိုး လုပ်ပေးစေချင်ပါတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များအနက် တာချီလိတ်မြို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား တာချီလိတ်မြို့မီးလင်းရေးကော်မတီက တဆင့်ဝယ်ယူဖြန့်ဖြူးနေပြီး တာလေမြို့နှင့် ကျိုင်းလပ်မြို့များကို လာအိုနိုင်ငံက လျှပ်စစ်မီးကို တာလေ၊ကျိုင်းလပ်မြို့မီးလင်းရေးကော်မတီက တစ်ဆင့်ဝယ်ယူဖြန့်ဖြူးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် အိမ်သုံးမီတာများကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ်(၃၅)ပြားနှုန်းသတ်မှတ်ပြီး တာလေနှင့် ကျိုင်းလပ်တွင် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၆)ဘတ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

တာလေနှင့် ကျိုင်းလပ်တွင် လျှပ်စစ်မီတာဘောက်တစ်လုံးလျှင် အနည်းဆုံး ကျပ်(၁၂)သိန်းကျော်နှင့် ညီမျှသည့် ဘတ် (၂၅,၀၀၀) သတ်မှတ်ပြီး နေအိမ်အထိ လျှပ်စစ်မီးသွယ်တန်းခကို တာချီလိတ်မြို့နည်းတူ မီတာတပ်ဆင်သူက ကျခံရသဖြင့် ရံဖန်ရံခါ အကွာအဝေးကိုလိုက်၍ မီတာတပ်ဆင်ခ ဘတ်သိန်းချီ၍ ကုန်ကျသည်အထိ ရှိတတ်သည်ဟု သိရသည်။

#TachileikNewsAgency