တာချီလိတ်မြို့သို့ ရန်ကုန် - ဟဲဟိုး - တာချီလိတ်လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ကိုယ်အပူရှိန်မြင့်တက်နေ၍ Covid-19 စစ်ဆေးနေ

တာချီလိတ်မြို့သို့ ရန်ကုန် - ဟဲဟိုး - တာချီလိတ်လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ကိုယ်အပူရှိန်မြင့်တက်နေ၍ Covid-19 စစ်ဆေးနေ
ဒီဇင်ဘာ 26, 2020 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရန်ကုန် - ဟဲဟိုး - တာချီလိတ်လေကြောင်းခရီးစဉ်ဖြင့် ၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာ (၂၆) ရက်နေ့ နံနက်က  လိုက်ပါလာသည့် ခရီးသည်တစ်ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဓာတ်ခွဲနမူနာရယူစစ်ဆေးနေပြီဖြစ်သည်။

“အခုတော့ မစစ်ရသေးဘူး။ GeneXpert စက်နဲ့စစ်ဆေးမယ်။ ညနေပိုင်းလောက်ဆို အဖြေသိရပါပြီ”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 Air KBZ လေကြောင်းလိုင်း၏ ဒီဇင်ဘာလ (၂၆)ရက်နေ့ ခရီးစဉ်ဖြင့် ရောက်လာသည့် ခရီးသည်များအား လေဆိပ်တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရာ မိုင်းကိုးကျေးရွာအုပ်စုမှ အသက် (၁၅)နှစ်အရွယ် ခရီးသည်အမျိုးသားမှာ သတ်မှတ်ကိုယ်အပူချိန်ထက် မြင့်မားနေသည့်အတွက် အလင်းရောင်ပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

Air KBZ လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် K7-826 ဖြင့် ရန်ကုန်-ဟဲဟိုး-တာချီလိတ် ခရီးစဉ်ဖြင့် လေယာဉ်အမှုထမ်း (၅) ဦး၊ လေယာဉ်လုံခြုံရေး (၂) ဦးနှင့် ခရီးသည် (၁၇) ဦးလိုက်ပါလာခြင်းဖြစ်သည်။



Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။