လွိုင်ကော်မြို့အဝင် လင်ဖုံလေးကျေးရွာ မြို့ရှောင်လမ်းအား Covid-19 ကာကွယ်ရေးအတွက် ယာယီပိတ်ထား၍ မြို့အဝင်လမ်းမကြီး စစ်ဆေးဂိတ်ဖက်မှသာ ဝင်ရောက်ကြရန် ကျေးရွာ ဒေသခံလူငယ်များက မေတ္တာရပ်ခံထား

လွိုင်ကော်မြို့အဝင် လင်ဖုံလေးကျေးရွာ မြို့ရှောင်လမ်းအား Covid-19 ကာကွယ်ရေးအတွက် ယာယီပိတ်ထား၍ မြို့အဝင်လမ်းမကြီး စစ်ဆေးဂိတ်ဖက်မှသာ ဝင်ရောက်ကြရန် ကျေးရွာ ဒေသခံလူငယ်များက မေတ္တာရပ်ခံထား
ဇူလိုင် 17, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့အဝင် မြို့ရှောင်လမ်းအဖြစ် လူအများသုံးကြသည့်  လင်ဖုံလေးကျေးရွာ လမ်းမအား Covid-19 ရောဂါ ကာကွယ်ရေးအတွက် ယာယီပိတ်ထားသောကြောင့် မြို့အဝင်လမ်းမကြီး စစ်ဆေးရေးဂိတ်ဖက်မှသာ ဝင်ရောက်ပေးကြရန် ကျေးရွာ ဒေသခံလူငယ်များက မေတ္တာရပ်ခံထားသည်။ 

Covid-19 ရောဂါကာကွယ်ရေးအတွက် ​လွိုင်ကော်မြို့အဝင် လင်ဖုံလေးကျေးရွာ လမ်းမကြီးအား ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပိတ်ထားသောကြောင့် ခရီးသွားများအနေဖြင့် အဆိုပါ လမ်းမှ လာ​ရောက်ခြင်း မပြုကြရန်နှင့် မြို့ဝင်လမ်းမကြီး စစ်ဆေးရေးဂိတ်ဖက်မှသာ ဝင်ရောက်ကြရန် လင်ဖုံလေးကျေးရွာ လူငယ်များက မေတ္တာရပ်ခံထားကြောင်း သိရသည်။ 

ကျွန်တော်တို့ ကိုယ်ထူ ကိုယ်ထ လမ်းပိတ်ထားပါပြီ။ ကိုဗစ်ကာကွယ်ရေးအတွက်ပါ။  ဒါပေမယ့် အခုထိ ဒီလမ်းကပဲ ဆိုင်ကယ်တစ်ချို့ လာနေကြသေးတာတွေ ရှိပါတယ်။ မြေစာပုံပြီး ပိတ်ထားပေမယ့် မြေစာပုံ အလယ်ကနေ ရအောင် ဆိုင်ကယ်နဲ့ ဝင်တာတွေရှိပါတယ်။ အဲ့ဒါကြောင့် လွိုင်ကော်မြို့ အဝင်ဒီမြို့ရှောင်လမ်းကို ပိတ်ထားပြီဖြစ်လို့ ဒီကနေ သွားလာတာတွေ မလုပ်ပဲ မြို့အဝင်လမ်းမကြီးအတိုင်း စစ်ဆေးရေးဂိတ်ဖက်ကနေသာ ဝင်ရောက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ဟု လင်ဖုံလေးကျေးရွာ ဒေသခံလူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၇)ရက်နေ့တွင် ပြောသည်။ 

လွိုင်ကော်မြို့နယ်အတွင်း Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တာလာခြင်းကြောင့် ဇူလိုင်လ (၁၅)ရက်နေ့မှစ၍ မြို့အဝင် မြို့ရှောင်လမ်းအဖြစ် ခရီးသွားများ ဝင်ထွက်သွားလာ လေ့ရှိသည့် လင်ဖုံလေးကျေးရွာ မြို့ရှောင်လမ်းအား ကျေးရွာဒေသခံများမှ ကိုယ်ထူကိုယ်ထ ပိတ်ထားပြီးဖြတ်သန်း သွားလာခွင့်ယာယီ ပိတ်ထားသောကြောင့် မြို့အဝင်လမ်းမကြီး မှသာ ခရီးသွားများအား ဒေသခံများမှ ဝင်ရောက် စေလိုကြခြင်းဖြစ်သည်။ 

အဆိုပါ မြို့ရှောင်လမ်းမကြီးမှာ ကယား - ရှမ်းနယ်စပ်မှ လွိုင်ကော်မြို့အတွင်း ဝင်ရောက်ရာတွင် ပုံမှန်မြို့အဝင်လမ်းမကြီးအတိုင်း မဝင်ရောက်လိုပဲ ဖြတ်လမ်းအဖြစ် ဝင်ရောက်လိုသည့်  ကုန်တင်ကား၊ ခရီးသွားကားများ နှင့် ဆိုင်ကယ်များမှာ လင်ဖုံလေး လမ်းခွဲအတိုင်း မြို့ရှောင်လမ်းမှ ဝင်ရောက်ကြလေ့ရှိကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်အတွင်း လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့နယ်များတွင် ရပ်ကွက်/ ကျေးရွာများမှာ Covid-19 တတိယလှိုင်း ကာကွယ်နိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြရကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်အတွင်း  Covid-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၁၆)ရက်နေ့ထိ လွိုင်ကော်မြို့တွင်  ( ၁၃၂)ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၁၁ )ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၄၉)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။