ကျောက်မဲမြို့တွင် ယမန်နေ့က ကျန်းမာရေးစာရင်းအရ ထပ်တိုးသည့် COVID 19 အတည်ပြုလူနာ (၄၅)ဦးအနက် (၄၃)ဦး ဆေးရုံသို့ ရောက်မလာ

ကျောက်မဲမြို့တွင် ယမန်နေ့က ကျန်းမာရေးစာရင်းအရ ထပ်တိုးသည့် COVID 19 အတည်ပြုလူနာ (၄၅)ဦးအနက် (၄၃)ဦး ဆေးရုံသို့ ရောက်မလာ
ဇူလိုင် 16, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့က COVID 19 ဓါတ်ခွဲနမူနာစစ်ဆေးသည့်ရလဒ်တွင် အတည်ပြုလူနာ (၄၅) ဦးထပ်တိုးတွေ့ရသည်ဟု ကျန်းမာရေးဌာန၏ စာရင်းတွင်ဖေါ်ပြသော်လည်း ယမန်နေ့က ဆေးရုံသို့အတည်ပြုလူနာ (၂) ဦးသာ ရောက်ရှိကြောင်း သိရသည်။

ယမန်နေ့က ကျောက်မဲမြို့နယ်အတွင်း နောင်ပိန်ကျေးရွာတွင် ထပ်တိုးသည့် အတည်ပြုလူနာ (၆) ဦးနှင့် ကျောက်မဲမြို့ပေါ်မှ ထပ်တိုးအတည်ပြုလူနာ (၄၅) ဦးအနက် (၂) ဦးတို့မှာ ဆေးရုံအသီးသီးသို့ ရောက်လာသော်လည်း ကျောက်မဲမြို့ပေါ်မှ ကျန်အတည်ပြုလူနာ (၄၃) ဦးမှာ ဆေးရုံသို့ရောက်လာခြင်းမရှိသလို မည်သည့်နေရာမှဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။

ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ (၁၅) ရက်နေ့အထိ နောင်ပိန်ကျေးရွာတွင် COVID 19 ပိုးတွေ့သူစုစုပေါင်း( ၈၉ ) ဦးနှင့်  ကျောက်မဲမြို့တွင် ပိုးတွေ့သူ ( ၁၆၅ )ဦး စုစုပေါင်း (၂၅၄) ဦးရှိနေပြီး သေဆုံးသူ (၆)ဦးနှင့် ဆေးရုံဆင်းသူ (၆၂) ဦးရှိပြီဖြစ်သည်။

စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ဖြစ်ပွားနေသည့် COVID 19 တတိယလှိုင်းအတွင်း ယခင်ကကဲ့သို့ အတည်ပြုလူနာများအား ကုသမှုလုံလောက်စွာ မပေးနိုင်သည့်အပြင် ကူးစက်မှုထိန်းချုပ်ရေးအတွက် အတည်ပြုလူနာနှင့် ထိတွေ့သူများအား စုံစမ်းရှာဖွေအသွားအလာကန့်သတ်ခြင်းကို မလုပ်ဆောင်ဘဲထားသည်ကို တွေ့ရသည်။