မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာသည့် မိုင်းဆတ်မြို့ 

 မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာသည့် မိုင်းဆတ်မြို့ 
သြဂုတ် 28, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့တွင် လမ်းဘေးများတွင် ထင်ထင်ပေါ်ပေါ် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာပြီး ခိုးဆိုးလုယက်မှုများပါ ပေါများလာနေကြောင်း ဒေသခံများထံက သိရသည်။

မိုင်းဆတ်မြို့တွင် အထိန်းအကွပ်မဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများလာသည့်အတွက် မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက်ရှိ မူလမင်းကွန်းကမ္မဌာန်းတိုက်အတွင်းမှ နေ့ဆွမ်းပြင်ဆင်ထားမှုများပါ မကြာခဏ ခိုးခံရသလို ဖုန်းခိုးခံရမှုများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် ဆိုင်ကယ်ခိုးခံရမှုများလည်းရှိနေပြီး ရပ်ကွက်အတွင်း နေအိမ်အတွင်း ဝင်ရောက်ကာ အိမ်တွင်းပစ္စည်း ခိုးခံရမှုများပါ ဖြစ်ပေါ်နေကြောင်း သိရသည်။

"တနေ့ကလည်း အိမ်ဘေးနားက အိမ်ထဲကို ဝင်ခိုးတာ ဆောင်းဘောက် နဲ့ ဖုန်း ပါသွားတယ်။ အခုနောက်ပိုင်း ဒီမှာ ဆေးသမားတွေများလာပြီ။ ဒေသ အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ ကျွန်မတို့ရဲ့ ဒေသကို တကယ် စေတနာထားရင် ဒီကိစ္စကိုင်တွယ်ဖြေရှင်းစေချင်တယ် "ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့တွင် ပြောသည်။

မိုင်းဆတ်မြို့တွင် ယခင်ကထက် ယခုအခါမှာ မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာသည့်အတွက် ခိုးဆိုးလုယက်မှုမှ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။

#TachileikNewsAgency