တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့သူနှင့် ထိတွေ့မှုရှိသူ (၃၄၀)ကျော်ကို ပထမတစ်ကြိမ် စစ်ဆေးထားပြီး သတ်မှတ်ရက်များအလိုက် နောက်ထပ် (၂)ကြိမ် စစ်ဆေးမည်

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့သူနှင့် ထိတွေ့မှုရှိသူ (၃၄၀)ကျော်ကို ပထမတစ်ကြိမ် စစ်ဆေးထားပြီး သတ်မှတ်ရက်များအလိုက် နောက်ထပ် (၂)ကြိမ် စစ်ဆေးမည်
ဇွန် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၂၈)ရက်နေ့၌ အနံ့ပျောက်နေ၍ တာချီလိတ်ဆေးရုံဟောင်းသို့ လာရောက်စစ်ရာမှ Covid-19 ပိုးတွေ့ရသူ ထိုင်းအမျိုးသမီးနှင့်ပတ်သက်ပြီး ထိတွေ့သူ စုစုပေါင်း (၃၄၀)ကျော်အထိ Coivd-19 စစ်ဆေးပြီးဖြစ်ရာ ယနေ့ အတည်ပြုလူနာ စုစုပေါင်း (၃)ဦးအထိ တွေ့ရှိထားသည်။

ညပိုင်းအထိ RDT Test Kit  ဖြင့် စစ်ဆေးပြီးသည့် (၃၄၀)ကျော်ကို Quarantine သတ်မှတ်ထားသည့် (၃)ရက်မြောက်နေ့တွင် တစ်ကြိမ်၊ (၇)ရက်မြောက်နေ့တွင် တစ်ကြိမ် RDT Test Kit ဖြင့်သာ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ မစစ်ဖြစ်သူများကိုလည်း ဇွန်လ(၂၉)ရက်နေ့တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ပိုင်းက ပထမဆုံးတွေ့ရသည့် အသက်(၁၉)နှစ်အရွယ် ထိုင်းအမျိုးသမီး သွားလာ နေထိုင်ခဲ့သည့်  လိုမာ ဟိုတယ်၊ ရွှေရည်မြင့်မိုရ် မိုတယ်၊ ဟော့ပေါ့ တာချီလိတ်  နှင့် နေလ အထူးကုသမားတော်ဆေးခန်း တို့မှ ဝန်ထမ်းများ၊ Online Game လောင်းကစား ဝန်ထမ်းများ အပြင် အတူနေသူများ စသည့် ဆက်စပ် ထိတွေ့မှု ရှိခဲ့သူများကို Hotel Quarantine, Home Quarantineများ သတ်မှတ်ထားကြောင်းသိရသည်။

လက်ရှိတွင် ပိုးတွေ့ရှိသူ နေထိုင် သွားလာခဲ့သည့် လိုမာ ဟိုတယ်၊ ရွှေရည်မြင့်မိုရ် မိုတယ်၊ ဟော့ပေါ့ တာချီလိတ်  နှင့် နေလ အထူးကုသမားတော်ဆေးခန်း တို့အား ယနေ့ ဇွန်လ(၂၈)ရက်နေ့က စ၍ Lockdown သတ်မှတ်ထားရှိကြောင်း သိရသည်။

ပိုးတွေ့ရှိရသူများမှာ အခြားဒေသများသို့ ခရီးသွားလာြခင်းရှိသူများ မဟုတ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 နှင့် ပတ်သက်၍ သံသယရှိသူများ၊ အနံ့ပျောက်သူများအနေဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ ဆေးရုံဟောင်းတွင် နံနက်ပိုင်းများ၌ သွားရောက်စုံစမ်းပြီး စစ်ဆေးနိုင်ကြောင်း သိရသည်။