မိုင်းတုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ငွေကြေးရယူပြီး နယ်စပ်ခိုးဖြတ်ခွင့် ပြုနေသည့် ပါချီး နယ်စပ်မှ ဖြတ်လာသူများထဲက (၂)ဦးတွင် Covid-19 ပိုးတွေ့

မိုင်းတုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ငွေကြေးရယူပြီး နယ်စပ်ခိုးဖြတ်ခွင့် ပြုနေသည့် ပါချီး နယ်စပ်မှ ဖြတ်လာသူများထဲက (၂)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 14, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း  အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ငွေကြေးရယူပြီး  နယ်စပ်ခိုး၍ဖြတ်သန်းခွင့်ပြုနေသည်ဟု သတင်းထွက်နေသည့် ပါချီး   နယ်စပ်မှနေ၍  ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၇) ဦးကို "ဝ"က ဖမ်းဆီးမိ၍ COVID 19 စစ်ဆေးရာ (၂)ဦးတွင် ပိုးတွေ့ရသည်ဟု သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား (၇) ဦးကို "ဝ"တပ်ဖွဲ့က ဖမ်းဆီးပြီး အုပ်ချုပ်ရေးကိုလွှဲပေးသဖြင့် ကျန်းမာရေးဌာနက COVID 19 စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ်မှ ဖြတ်လာသည့် အတည်ပြုလူနာ (၂) ဦး အပါအဝင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၁၄) ဦးရှိနေပြီဖြစ်သည်။

နယ်စပ်ဖြတ်သန်းလာသူများကို ဖမ်းမိသည့် ပါချီးနယ်စပ်ပေါက်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ထိန်းချုပ်ထားပြီး နယ်စပ်ဖြတ်သန်းသူများအား အခကြေးငွေယူ၍ ခွင့်ပြုပေးနေသဖြင့် ထိုင်းဘက်မှ COVID 19 ပျံ့နှံ့လာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ဝင်ပေါက်မှ တရားမဝင် ဖြတ်သန်းမှုများ ယခင်ကတည်းက ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အရေအတွက်ပိုများလာသည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာ - ထိုင်းနယ်စပ် အဆိုပါနယ်မြေတွင် အာဏာသိမ်းအဖွဲ့၏စစ်တပ်ရှိနေသည့်အပြင် "ဝ"တောင်ပိုင်းဒေသလည်းဖြစ်၍ UWSA အဖွဲ့လည်းရှိနေခြင်းဖြစ်သည်။