တာချီလိတ်တွင် တတိယ​မြောက် အ​နေနှင့် ကိုဗစ် ​ရောဂါကူးစက်ခံရသူ တစ်ဦးထပ်မံ ​သေဆုံး

တာချီလိတ်တွင် တတိယ​မြောက် အ​နေနှင့် ကိုဗစ် ​ရောဂါကူးစက်ခံရသူ တစ်ဦးထပ်မံ ​သေဆုံး
ဇူလိုင် 24, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင်း Covid-19 တတိယလှိုင်းကာလ၏ (၂၇)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် သက်ကြီးရွယ်အို တစ်ဦး ထပ်မံသေဆုံး၍ တာချီလိတ်မြို့တွင် သေဆုံးသူ (၃)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းက  သေဆုံးသွားသူမှာ အသက်(၇၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဇူလိုင်လ(၂၁)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးကူးစက်ခံထားရကြောင်း အဖြေထွက်ထားသူဖြစ်ပြီး ၎င်းအား ဆေးရုံဟောင်းမှ တဆင့် ဆေးရုံသစ်သို့ ပြောင်းရွှေ့ပို့ဆောင်ထားကာ  အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်း သိရသည်။ 

(၂၂)ရက်နေ့မှာ ဆေးရုံဟောင်းကနေ ဆေးရုံသစ်ဘက်က isolation Ward ကို ပြောင်းလာတာ။ သူက အောက်ဆီဂျင် တအားကျတော့ အသက်ရှုစက်နဲ့ (၂)ရက်နေရတာ။ အသက်ရှုစက်နဲ့ (၄၀)အထိ ပေးတာကို သူ့ အောက်ဆီဂျင်က မတက်လာဘူး

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသူမှာ အသက်(၇၁)နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ကာ ၎င်းသည် ရောဂါအခံရှိသူဟုလည်း သိရပြီး တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အဆွေတော်ဆေးခန်းအနီးရှိ ရှမ်းရွာတွင် နေထိုင်သူဖြစ်ကြောင်း  သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး သေဆုံးမှု ပထမဆုံးအဖြစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်က အသက်(၆၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် Covid-19 ကူးစက်ခံထားရပြီး ဆီးချိုရောဂါအခံရှိ၍ သေဆုံးသွားသလို ယင်းနေ့၏ ညပိုင်းတွင် အသက်(၆၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း ထပ်မံသေဆုံး၍ ဇူလိုင်လ(၂၄)ရက်နေ့အထိ Covid-19 ကူးစက်ခံရပြီးနောက် သေဆုံးသူ (၃)ဦးအထိ ရှိလာနေပြီဖြစ်သည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၉၀၀)နီးကျော် ရှိနေရာတွင် စောင့်ကြည့်ကုသဆောင်များကနေတဆင့် နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာလည်း (၃၈၀)ကျော်ရှိနေကြောင်း သိရသည်။