ကျိုင်းတုံမြို့ရှိ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာအနီးလမ်းပေါ်တွင် ကုန်တင်ကားကြီးကို ရပ်ခိုင်းပြီး စစ်သားများက ဝိုင်းထိုး

ကျိုင်းတုံမြို့ရှိ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာအနီးလမ်းပေါ်တွင် ကုန်တင်ကားကြီးကို ရပ်ခိုင်းပြီး စစ်သားများက ဝိုင်းထိုး
စက်တင်ဘာ 3, 2021 | ရှမ်းရှေ့

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် ကျိုင်းတုံမြို့တွင် ကျိုင်းတုံ -  တောင်ကြီးလမ်းရှိ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာအနီး ကားလမ်းပေါ်တွင် ကုန်တင်ယာဉ်ကြီးအား ရပ်ခိုင်းပြီး စစ်သားများက ဝိုင်းထိုးမှု ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲကား (၁)စီး နဲ့ စစ်ကား (၄)စီး ကားဟွန်းတီးပြီး (၁၀)ဘီးကားကို တားတာ။ (၁၀)ဘီးကားက ရပ်တာနဲ့ နောက်က ပါလာတဲ့ စစ်ကားပေါ်က စစ်သားတွေ အကုန်ဆင်းပြီးထိုးကြတာ။ သွေးထွက်တာတို့တော့ မတွေ့လိုက်ရဘူး။ (၁၀)မိနစ်လောက်ပါပဲ။ ပြီးတော့ ကားဆရာကို ပြန်လွတ်လိုက်တယ်။ စစ်ကားက ဟွန်းတော့တီးတယ်။ (၁၀)ဘီးကားက သူတို့ကားနဲ့ယှဉ်မောင်းလာလို့နေမှာ နည်းနည်းကျော်လာတော့ ကားဆရာကို ဆင်းခိုင်းပြီး ထိုးကြတာ

ဟု မျက်မြင်တွေ့ခဲ့ရသူ ကျိုင်းတုံဒေသခံ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၃)ရက်နေ့ ညနေပိုင်းက ပြောပြသည်။

ယခုလို မီဒီယာသို့ ဆက်သွယ် အသိပေးရခြင်းမှာ ကျိုင်းတုံမြို့နေ ပြည်သူများ သတိထားသွားလာနိုင်အောင်နှင့် ကားကြီး၊ ကားငယ်များ၊ အုတ်၊သဲ၊ကျောက် သယ်သည့်ကားများ သတိထားမောင်းကြရန် နှင့် ယခုလို ဖြစ်ပွားက ပြည်သူသာ ခံရသည်ဖြစ်သည့်အတွက် သတိထားနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယင်းသို့ ဖြစ်ပွားသည့်နေရာမှာ ကျိုင်းတုံမြို့ တောင်ကြီးသွားလမ်းရှိ  ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာအနီးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ထိုးကြိတ်နေမှုကို အနီးရှိသူများအားလုံး မြင်တွေ့ရသော်လည်း ဓါတ်ပုံဗီဒီယိုရိုက်ဖို့ကိုတော့ အဆင်မပြေ၍ မှတ်တမ်းမယူလိုက်ရကြောင်း မြင်တွေ့ရသူများက ဆိုသည်။

ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို ထိုးကြိတ်သွားသည့် စစ်သားများအဖွဲ့သည် တောင်ကြီးအထွက်လမ်းသို့ ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။