လွိုင်ကော်ခရိုင်/မြို့နယ်စုပေါင်းရုံးမှ ဝန်ထမ်းတစ်ဦး အပါအဝင် လွိုင်ကော်နှင့် ဘောလခဲမြို့တို့တွင် COVID 19 ပိုးတွေ့သူ (၁၅) ဦး ထပ်တိုး

လွိုင်ကော်ခရိုင်/မြို့နယ်စုပေါင်းရုံးမှ ဝန်ထမ်းတစ်ဦး အပါအဝင် လွိုင်ကော်နှင့် ဘောလခဲမြို့တို့တွင် COVID 19 ပိုးတွေ့သူ (၁၅) ဦး ထပ်တိုး
ဇူလိုင် 13, 2021 | Covid-19| ကယား

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးမှဝန်ထမ်းအပါအဝင် လွိုင်ကော်နှင့် ဘောလခဲမြို့တို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ စစ်ဆေးမှုအတွင်း COVID 19 ပိုးတွေ့ရှိသူ (၁၅) ဦးထပ်တိုးတွေ့သည်ဟု  သိရသည်။ 

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သံသယလူနာ (၂၂) ဦးအား စစ်ဆေးရာ (၁၂) ဦး၌ပိုးတွေ့ရှိခဲ့ပြီး  ဘောလခဲမြို့တွင် သံသယလူနာများအား စစ်ဆေးရာ  ပိုးတွေ့သူ( ၃) ဦးရှိကြောင်းသိရသည်။ 

လွိုင်ကော်တွင်တွေ့ရသည့် အတည်ပြုလူနာ (၁၂) ဦးမှာ ဒီမော့ဆိုမြို့ ကုန်းသာကျေးရွာမှ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦး၊ ငွေတောင်ကျေးရွာမှ အမျိုးသား( ၁)ဦး၊  ဧက ၅၀၀ ရပ်ကွက်မှ  အမျိုးသမီး(၂)ဦး၊  ကြည်သာယာရပ်ကွက်မှ အမျိုးသမီး(၂)ဦး၊  မင်းစုရပ်ကွက်မှ အမျိုးသမီး (၁)ဦး ၊ လောဓ္ဓမရပ်ကွက်မှ အမျိုးသား( ၂)ဦး၊ ဒေါဥခူရပ်ကွက် ခရိုင်စုပေါင်းရုံးမှ အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

ဘောလခဲမြို့တွင်သံသယလူနာများအား စစ်ဆေးချက်အရ Covid-19 ရောဂါပိုးတွေ့ရှိသူ (၃)ဦး ရှိကြောင်း သိရပြီးအတည်ပြု လူနာများအား သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ဆေးရုံများ၌ ကုသပေးနေသည်ဟု သိရသည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့မှ ( ၈၇) ဦး၊ ဖရူဆိုမြို့မှ (၅)ဦး၊ ဖားဆောင်းမြို့မှ( ၁)ဦးနှင့်  ဘောလခဲမြို့မှ (၇)ဦး COVID 19  ပိုးစစ်ဆေးတွေရှိထားပြီး စုစုပေါင်း ပိုးတွေ့ရှိသူ (၁၀၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ COVID 19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက် ဇွန်လမှစ၍ ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းထိ  COVID 19 အတည်ပြုလူနာတွေ့ရှိသူ  (၁၀၀)ဦးရှိပြီး သေဆုံးသူ (၃)ဦးရှိ​ ပြီဖြစ်ကြောင်း သိရသည်။