တာချီလိတ်မြို့၏ ဇူလိုင်လ(၁၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၇၀)ဦး ထပ်တွေ့ရာ 1G1 Hotel နှင့် ရွှေဘူးသီး ဟိုတယ်တို့မှ ပါဝင်

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၃)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 အတည်ပြုလူနာ (၇၀)ဦး ထပ်တွေ့ရာ 1G1 Hotel နှင့် ရွှေဘူးသီး ဟိုတယ်တို့မှ ပါဝင်
ဇူလိုင် 13, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့၌ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာ‌ရောက်စစ်ဆေးမှုခံယူသူများထဲက (၇၀)ဦးတွင် Covid-19 ပိုးတွေ့ရှိပြီး 1G1 Hotel နှင့် ရွှေဘူးသီးဟိုတယ်တို့မှ ပိုးတွေ့သူများ ပါဝင်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့၌ တစ်နေ့တာအတွင်း ည(၆)နာရီအထိ တွေ့ရှိထားသည့် ကူးစက်ခံရသူများတွင် အမျိုးသား (၃၃)ဦး နှင့် အမျိုးသမီး (၃၇)ဦးတို့ ပါဝင်ရာတွင် 1G1 Hotel မှ (၁၀)ဦး ဝန်းကျင် နှင့် ရွှေဘူးသီး ဟိုတယ်မှ (၂၀)ကျော် ပါဝင်ကြောင်း သိရသည်။

ယနေ့တွင် 1G1 နှင့် ရွှေဘူးသီး ဟိုတယ်တို့မှ ပိုးတွေ့သူများကို အဆိုပါ ဟိုတယ်မှ တာဝန်ယူပြီး ဟိုတယ်တွင်သာ ထားရှိကြောင်း နှင့် ဆေးရုံဟောင်းအတွင်းရှိ အထူးကြပ်မတ်ဆောင်ဖြစ်သည့် ICU Ward တွင် (၂)ဦး ထားရှိပြီး ကျန်ရှိသူများကို မိုးကုတ်ရိပ်သာ နှင့် အားကစားရုံတို့တွင် အသီးသီးထားရှိကြောင်း သိရသည်။

ရွှေဘူးသီး ဟိုတယ်မှ တွေ့ရှိရသည့် အတည်ပြုလူနာများကို သီးခြားအလွှာတွင်ထားရှိပြီး ထိတွေ့သူများကိုတော့ နောက်ထပ် သီးခြားအလွှာတွင်ထားရှိကာ အသွားအလာကန့်သတ်ထားပြီး သတ်မှတ်ရက်များတွင် ဒုတိယအကြိမ် ပြန်လည်၍ Covid-19 စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

ယနေ့ ပိုးတွေ့ရှိရသူများနှင့် ပတ်သက်၍ ထိတွေ့သူများကို ဇူလိုင်လ(၁၄)ရက်နေ့တွင် ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၄၀၀)နီးပါးရှိလာ၍ Stay at Home အဖြစ် ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့တွင် စတင်သတ်မှတ်ထားရှိသည်။