ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲများကို ကျိုင်းတုံနှင့် တာချီလိတ်တွင် ပထမဆုံးအကြိမ်ကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲများကို ကျိုင်းတုံနှင့် တာချီလိတ်တွင် ပထမဆုံးအကြိမ်ကျင်းပ
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲများကို ကျိုင်းတုံနှင့် တာချီလိတ်တွင် ပထမဆုံးအကြိမ်ကျင်းပ

ရှမ်းပြည်နယ် အတွင်းရှိ နယ်မြို့များတွင် အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး ပြည်နယ်မြို့တော် တောင်ကြီးတွင်သာ နှစ်စဉ် ကျင်းပနေသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် တာချီလိတ်မြို့တွင် စတင်ကျင်းပလာသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ကျိုင်းတုံနှင့် တာချီလိတ်မြို့တို့တွင် ဒီဇင်ဘာလ (၁၃) ရက်နေ့ကစ၍ ကျင်းပနေခြင်းဖြစ်သည်။

"ကျွန်တော်တို့က နှစ်စဉ် အစိုးရအဖွဲ့ရုံးစိုက်တဲ့ တောင်ကြီးမှာပဲ လုပ်တာများတာပေါ့။ ကျွန်တော်တို့ ပြန်စဉ်းစားတယ်။ နယ်တွေမှာလည်း အားကစားဖွံ့ဖြိုးဖို့လိုတယ်။ ပြိုင်ပွဲလုပ်ပေးဖို့ လိုတာပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ဆီမှာရှိတဲ့ ကလေးတွေ ဘောလုံးပွဲက (၂၁) နှစ်အောက် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖြစ်တယ်။ တခြား ခရိုင်ကသူတွေလည်း ဒီမှာလာပြီးပြိုင်ပွဲလုပ်ခြင်းအားဖြင့် လာပြီး ယှဉ်ပြိုင်ခြင်းအားဖြင့် ဒီမှာရှိတဲ့ ဒေသန္တရ ဗဟုသုတတွေ သူတို့ရနိုင်တာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(က)တွင်ပါဝင်သည့် တောင်ကြီးခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်နှင့် အုပ်စု(ဂ)တွင်ပါဝင်သည့် ကျိုင်းတုံခရိုင်၊ လားရှိုးခရိုင်၊ လင်းခေးခရိုင်အသင်းများက ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ (၁၄)ရက်နေ့မှစ၍ ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

အုပ်စု(ခ)တွင် ပါဝင်သည့် တာချီလိတ်ခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်နှင့် အုပ်စု(ဃ)တွင်ပါဝင်သည့် လွိုင်လင်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ ဟိုပန်ခရိုင် အသင်းများက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှစ၍ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ တာချီလိတ်မြို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များကို ကျိုင်းတုံမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~