ကျောက်မဲမြို့နယ်အတွင်း  Covid-19 အတည်ပြုလူနာ (၁၀)ဦးတိုး၍ စုစုပေါင်း ကူးစက်ခံရသူ (၁၃၀)ဦး ရှိနေ

ကျောက်မဲမြို့နယ်အတွင်း  Covid-19 အတည်ပြုလူနာ (၁၀)ဦးတိုး၍ စုစုပေါင်း ကူးစက်ခံရသူ (၁၃၀)ဦး ရှိနေ
ဇူလိုင် 10, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ဇူလိုင်လ(၉)ရက်မှ (၁၀)ရက်နေ့ နံနက်အထိ Covid-19 ပိုးတွေ့ လူနာ (၁၀)ဦး တိုးလာသည့်အတွက်  ကျောက်မဲမြို့နယ်အတွင်းပိုးတွေ့သူ (၁၃၀)ဦး ရှိသွားပြီဖြစ်ကာ ဆေးကုသနေစဉ်သေဆုံးသူ(၄) ဦး ရှိကြောင်း သိရသည်။

ဇူလိုင်လ(၉)ရက်နေ့က ကျောက်မဲမြို့ပေါ်ရှိ ပိုးတွေ့သူများ၏ မိသားစုဝင်များ၊ ပိုးတွေ့သူများနှင့်ထိစပ်သူများကို စစ်ဆေးရာ (၈)ဦးတွင် ပိုးတွေ့ပြီး  ယမန်နေ့က အမှတ်( ၂ )ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ထမင်းချက်အလုပ် လုပ်ကိုင်သူတစ်ဦးတွင် ပိုးတွေ့ထားပြီး နောက်ထပ်( ၄ )ဦးတွင်လည်း ပိုးထပ်တွေ့ခဲ့ခြင်းဖြစ်ကာ အသက်ရှူကြပ်ပြီး ရုတ်တရက် သေဆုံးသွားသော အမှတ်(၁)ရပ်ကွက်မှ လူနာ၏ မိသားစုဝင်တစ်ဦး၊ Oriental Highway Co.ltd ရုံးမှ ဝန်ထမ်း ( ၂ )ဦး၊ အမှတ်(၁)ပြိန်းနင်ရပ်ကွက်မှ တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။

ဇူလိုင်(၁၀)ရက်တွင် နောင်ပိန်ကျေးရွာမှ ကိုဗစ်ပိုးတွေ့သူများ၏ ထိစပ်သူများအား RDT စနစ်ဖြင့် စစ်ဆေးမှုများလုပ်ဆောင်ရာ ပိုးတွေ့သူ ( ၂ )ဦးရှိခဲ့သည့်အတွက် နောင်ပိန်ကျေးရွာမှ ပိုးတွေ့သူ စုစုပေါင်း ( ၆၂ )ဦး ရှိပြီဖြစ်ကာ၊ ဆေးကုသစဉ် သေဆုံးသူ ( ၂ )ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းရသူလည်း ( ၂၀)ဦးခန့်ရှိပြီဟု သိရသည်။

ကျောက်မဲမြို့ပေါ်နှင့် နောင်ပိန်ကျေးရွာတို့မှ ဇူလိုင် (၁၀)ရက်နေ့ နံနက်အထိ Covid-19 ပိုးတွေ့သူ စုစုပေါင်း ( ၁၃၀ )ဦး ရှိသွားပြီဖြစ်ပြီး နေ့စဉ် အောက်ဆီဂျင်ကျနေသော လူနာများကလည်း လူမှုကူညီရေးအသင်းများ၊ ကျန်းမာရေးဌာန များသို့ ဆက်သွယ်မှုရှိနေပြီး ပိုးတွေ့သူအရေအတွက် များပြားနေသော်လည်း မြို့နယ်အတွင်းကို Stay At Home အဖြစ် ကြေညာထားခြင်း မရှိသေးဟု သိရသည်။

Covid-19 ပိုး တွေ့သူ (၇၀)ကျော်လာပြီးနောက် ကျောက်မဲမြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များကို ယာယီပိတ်ထားရန် ညွန်ကြားချက်ထွက်ထားသော်လည်း စာသင်ကျောင်းများမှာ ဆက်ဖွင့်ထားဆဲဖြစ်သည်။

#TachileikNewsAgency