တာချီလိတ်မြို့တွင် လူငယ်(၄)ဦးကို အခြားကိစ္စဖြင့် ဖမ်းမိသော်လည်း ပြစ်မှုမမြောက်၍ Facebook အကောင့်များကို ဖွင့်စစ်ပြီးနောက် ၅၀၅-က ဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် လူငယ်(၄)ဦးကို အခြားကိစ္စဖြင့် ဖမ်းမိသော်လည်း ပြစ်မှုမမြောက်၍ Facebook အကောင့်များကို ဖွင့်စစ်ပြီးနောက် ၅၀၅-က ဖြင့် အမှုဖွင့်
ဇူလိုင် 9, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ဇူလိုင်လ(၈)ရက်နေ့က ထိုင်းဘက်မှဝင်လာသည့် မြန်မာ ယာဉ်တစ်စီးကို စစ်ဆေးရာမှ စစ်ဖိနပ်များတွေ့ရှိရမှုနှင့် ဆက်စပ်ပြီး ပြစ်မှုမြောက်ကြောင်း မတွေ့ရသော်လည်း ဖုန်းယူပြီး စစ်ဆေးရာမှ  Facebook ပေါ်တွင် ဖေဖော်ဝါရီလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြန်လည်ဖြန့်ဝေမှုများတွေ့ရှိသည်ဟုဆိုကာ အမျိုးသား(၄)ဦးကို ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဇူလိုင်လ(၈)ရက်နေ့ နံနက်(၁၀)နာရီကျော်အချိန်က တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ်တွင် ဒုရဲမှူး ခုတ်ခမန်း နှင့်အဖွဲ့၊ အမှတ်(၅၇၂)မှ ဗိုလ်ကြီး ပိုင်သူကျော် နှင့် အဖွဲ့၊ စရဖ အဖွဲ့ဖြစ်သည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ တပ်ဖွဲ့စု(၂) တပ်ကြပ် အောင်သူဟိန်း၊ စအရ(၉၁၃)မှ တပ်ကြပ် မင်းရန်နောင်တို့ ပါဝင်သည့် အဖွဲ့က ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ဘက်က ဝင်လာသည့် သန်းထိုက် မောင်းနှင်သော ယာဉ်အား စစ်ဆေးရာမှ ယာဉ်အတွင်း စစ်ဖိနပ် (၂)အိတ်ကို တွေ့ရှိရသည့်အတွက် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဖိနပ်များနှင့်ပတ်သက်၍ ယာဉ်မောင်း သန်းထိုက်အနေဖြင့် သယ်ယူပို့ဆောင်ခ ယူဆောင်၍သာ ဝန်ဆောင်မှုပေးခြင်း ဖြစ်ပြီး စစ်ဖိနပ်များကို ပိုင်စိုးဦး ဆိုသူမှ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနယ်စပ်တို့မှ   Second Hand Brand များကို ပြန်လည်ဝယ်ယူပြီး အွန်လိုင်းစနစ်ဖြင့် စစ်အာဏာမသိမ်းမိ ၂၀၂၀ ခုနှစ်ကတည်းက ရောင်းချခြင်းကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း သန်းထိုက်ဆိုသူကို ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ပေးမှုဖြင့် အမှုဖွင့်၍ မရသည့်အတွက် ၎င်း၏ ဖုန်းအား ယူ၍ စစ်ဆေးရာမှာ သန်းထိုက်၏ Facebook အကောင့်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ (၂၄)စက္ကန့်အကြာ Live လွှင့်ခဲ့သည့် ဆန္ဒပြ ဗီဒီယိုကိစ္စ အပါအဝင် ဧပြီလ(၂၄)ရက်နေ့အထိ ၎င်း၏ facebook စာမျက်နှာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြန့်ဝေထားသည်ကို စစ်ဆေးတွေ့ရှိသည်ဟု ဆိုကာ အသက်(၃၃)နှစ်ရှိ သန်းထိုက်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၅၇/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဆက်လက်၍  Second Hand Brand စစ်ဖိနပ်များ မှာယူရောင်းချသည့် ပိုင်စိုးဦး အပါအဝင် ပိုင်ဇင်မင်းခန့် နှင့် မျိုးခန့်ကျော်တို့ကိုလည်း ဖမ်းဆီးပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် (၃)ဦးအနက် ပိုင်စိုးဦးအား စစ်ဆေးရာတွင် Second Hand Brand စစ်ဖိနပ်များ မှာယူရောင်းချသည့် အကြောင်းအရာများကို သိရပြီး ၎င်းသည် စစ်ဖိနပ်များကို နိုင်ငံ့အာဏာသိမ်းခံရစဉ်ကစ၍ ရောင်းချသူမဟုတ်ဘဲ ယခင်ကတည်းက ရောင်းချသူဖြစ်ကြောင်း သိရ၍ အမှုဖွင့်ရန်နည်းလမ်းမရှိသည့်အတွက် ၎င်း၏ ဖုန်းအတွင်းမှ Facebook အား ဖွင့်ကြည့်ရာမှ ပိုင်စိုးဦးသည် ၂၀၂၁ခုနှစ် မတ်လ(၂၇)ရက်နေ့က ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊ မတ်လ(၂၉)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားဖြန့်ဝေမှုများ လုပ်ဆောင်သည်ကို တွေ့ရှိရသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားသည်။

၎င်းအပြင် ပိုင်ဇင်မင်းသန့် ကို စစ်ဆေးရာတွင်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှ (၂၅)ရက်နေ့များတွင် ဆန္ဒပြရာတွင် ပါဝင်ကြောင်း နှင့် Facebook အကောင့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးများ ဖြန့်ဝေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ဖမ်းဆီးထားပြီး ကျန်ရှိသည့် မျိုးခန့်ကျော်ကိုလည်း စစ်ဆေးရာ ဖေဖော်ဝါရီလ(၈)ရက်နေ့က စတင်ကာ ဇွန်လ(၁၆)ရက်နေ့အထိ Facebook ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားဖြန့်ဝေသည်ဟုဆိုကာ အသက်(၂၂)နှစ်ရှိ ပိုင်စိုးဦး အပါအဝင် အသက်(၂၀)နှစ်ရှိ ပိုင်ဇင်မင်းခန့် နှင့် အသက်(၂၂)နှစ် မျိုးခန့်ကျော်တို့ (၃)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၈၆/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅- ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။