တာချီလိတ်တွင် ဝက်ရှားပါးမှုကြောင့် သားသတ်လိုင်စင် ပြန်လည်အပ်နှံရန် အဆိုပြုသူများ ရှိလာ

တာချီလိတ်တွင် ဝက်ရှားပါးမှုကြောင့် သားသတ်လိုင်စင် ပြန်လည်အပ်နှံရန် အဆိုပြုသူများ ရှိလာ
ဒီဇင်ဘာ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဝက်ကုန်ကြမ်းရှားပါးလာမှုများကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာမှ ဝက်သားထုတ်လုပ်ရေးလိုင်စင် ရယူထားသူအချို့ လိုင်စင်များပြန်လည်အပ်နှံရန်အဆိုပြုမှုများ ရှိလာကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝက်သားသတ်လုပ်ငန်း (၁၀) ခုမှ အသားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့သူ (၃၃) ဦး အနေဖြင့် လစဉ်ဝက်ကောင်ရေ (၁၇၁၇) ကောင်ကို လိုင်စင်ရယူထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့သူ (၃၁) ဦးမှ လစဉ်ဝက်ကောင်ရေ (၂၄၀) သာအဆိုပြုခဲ့သဖြင့် ခွင့်ပြုခဲ့ရကြောင်း သိရသည်။

"လက်မှတ်က ဘယ်သူမှမယူတော့တဲ့အချိန်မှာ ဈေးကွက်ပျက်သွားမှာစိုးလို့ ပြန်ညှိပြီး ချပေးခဲ့တာ။ သူတို့တင်ပြတဲ့ကောင်ရေအတိုင်း ပြန်ချပေးခဲ့တာ။ ကုန်ကြမ်းမရှိတော့ သူတို့လည်းမလုပ်နိုင်ဘူးဖြစ်နေတယ်။ တစ်ချို့ဆို လိုင်စင်ပြန်အပ်ဖို့ ပြောနေပြီ"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးများဌာနမှ ဒုတိယဦးစီးမှူး ဦးအားထူယားက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း အာဖရိကဝက်အပျင်းဖျားရောဂါကြောင့် ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဝက်သားစားသုံးမှုလည်းလျော့နည်းကျဆင်းလာခဲ့သဖြင့် ဝက်သားသတ်လိုင်စင်များပြန်လည်ချထားပေးနိုင်ရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဝက်သားထုတ်လုပ်ရောင်းချသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ပြီး စက်တင်ဘ (၁၂) ရက်နေ့တွင် လုပ်ငန်းရှင်များဘက်မှ တင်ပြသည့် တစ်လ ဝက်ကောင်ရေ (၂၄၀) ကို အတည်ပြုခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ ထူးခြားဖြစ်စဉ်အဖြစ်တင်ပြခဲ့ရာတွင် ပြည်နယ်မှ နိုဝင်ဘာ (၉) ရက်နေ့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဝက်သားသတ်လုပ်ငန်းမှ တစ်နှစ်စာ ဝက်ကောင်ရေ (၂၀၆၀၄) ကောင်အတွက် ခေါင်းခွန်၊ အသားခွန် ကျပ်ငွေ (၅၅၀၁.၂၆၈) သိန်းရရှိမည်ဖြစ်သော်လည်း ထူးခြားဖြစ်စဉ်ကြောင့် အဆိုပြု တစ်နှစ်စာဝက်ကောင်ရေ (၂၈၈၀) ကောင်အတွက် ခေါင်းခွန်၊ အသားခွန် ကျပ်ငွေ (၇၆၈.၉၆) သိန်းသာ ရရှိမည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~