လွိုင်ကော်မြို့တွင် အတည်ပြုလူနာ (၁)ဦး သေဆုံး

Photo:  ရွှေလွိုင်ကော်ပရဟိတအသင်း
Photo:  ရွှေလွိုင်ကော်ပရဟိတအသင်း
လွိုင်ကော်မြို့တွင် အတည်ပြုလူနာ (၁)ဦး သေဆုံး
ဇူလိုင် 9, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 ပိုးတွေ့ရှိသူ (၅)ဦးရှိပြီး အတည်ပြုလူနာ (၁)ဦးထပ်မံ သေဆုံးကြောင်း သိရသည်။ 

ဇူလိုင်လ (၇)ရက်နေ့က အတည်ပြုလူနာများ တွေ့ရှိခဲ့သော လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ မူကထဆိုင်သို့ သွားရောက်ဖူးသူများအား ဇူလိုင်လ (၉)ရက်နေ့တွင်  စစ်ဆေးခဲ့ရာ  (၅)ဦးတွင် Covid-19 ပိုးထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။ 

ဇူလိုင်လ (၈)ရက်နေ့တွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့သူ  သီရိမင်္ဂလာဈေး (တောင်ဈေး)တွင် ကြက်သားရောင်းသည့် အသက် (၇၀)အရွယ် အမျိုးသမီးသည် ယနေ့ ဇူလိုင်လ (၉)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ၎င်းသည် လွိုင်ကော်မြို့ ဒေါတမရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ 

သေဆုံးသူ၏ ရုပ်အလောင်းအား ရွှေလွိုင်ကော်ပရဟိတအသင်းမှ ကူညီသယ်ဆောင်ပြီး လွိုင်ကော်မြို့  (၄)မိုင် သုသာန်သို့ ပို့ဆောင်ပေးကာ သဂြိုလ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ဇူလိုင်လ (၉)ရက်နေ့  နံနက်ပိုင်း၏ စစ်ဆေးချက်များအရ Covid-19 အတည်ပြုလူနာ (၅)ထပ်တိုး၍ အနံ့ပျောက်သူများ ၊ ဖျားနာသူများ များလည်းရှိပြီး ကျန်ရှိနေသည့် သံသယ လူနာများအား ညနေပိုင်းတွင် ထပ်မံ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း (၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် လွိုင်ကော်မြို့၌ ဇွန်လမှစ၍ ဇူလိုင်လ(၈)ရက်နေ့ထိ  Covid-19 အတည်ပြုလူနာတွေ့ရှိသူ  (၃၅)ဦး တွေ့ရှိထားပြီး (၂)ဦးမှာ သေဆုံးကြောင်း သိရသည်။