ရှမ်း - ကယားနယ်စပ်တွင် လက်နက်၊ ရိက္ခာလာပို့သည့် အာဏာသိမ်းစစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်အုပ်စုဘက်က ( ၆ )ဦးသေပြီး တပ်ခွဲမှူး အပါအဝင် ( ၅ )ဦးကို အရှင်ဖမ်းမိ

စစ်အုပ်စု၏ တပ်ခွဲမှူး(၁)ဦး အပါအဝင် စုစုပေါင်း(၅)ဦးကို KA က အရှင်ဖမ်းမိထားစဉ် [ Photo: ကရင်နီတပ်မတော်(KA) ]
စစ်အုပ်စု၏ တပ်ခွဲမှူး(၁)ဦး အပါအဝင် စုစုပေါင်း(၅)ဦးကို KA က အရှင်ဖမ်းမိထားစဉ် [ Photo: ကရင်နီတပ်မတော်(KA) ]
ရှမ်း - ကယားနယ်စပ်တွင် လက်နက်၊ ရိက္ခာလာပို့သည့် အာဏာသိမ်းစစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်အုပ်စုဘက်က ( ၆ )ဦးသေပြီး တပ်ခွဲမှူး အပါအဝင် ( ၅ )ဦးကို အရှင်ဖမ်းမိ
ဖေဖော်ဝါရီ 19, 2023 | 2021 Military Coup| ကယား

 ရှမ်း - ကယားနယ်စပ်၊   BP.12 ဖက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်လာသော အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉) ရက်နေ့၏ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား (၆)ဦးသေ၊ တပ်ခွဲမှူးအပါအဝင် (၅)ဦး အရှင်ဖမ်းမိကာ လက်နက်များစွာလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်မတော်(KA)ထံမှ သိရသည်။

ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်အုပ်စု၏ ခလရ(၅၄)မှအင်အား (၃၀)ခန့်ကို ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းဆိုသည့် နေရာကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က တပ်ခွဲမှူး(၁)ဦးအပါ အဝင် စုစုပေါင်း(၅)ဦးကို အရှင်ဖမ်းမိကာ ၎င်းတို့ကိုင်ဆောင်သော MA လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့‌နောက် ထွက်ပြေးသွားသည့် ကျန် စစ်အုပ်စုတပ်သားများအား လိုက်လံရှင်းလင်းခဲ့ရာ အလောင်း(၆)လောင်းရရှိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနှင့် KNDF တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၈)ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း SSS နယ်မြေကိုဖြတ်၍ ရိက္ခာပို့ရန် ဆင်းလာသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော်(KA) အမှတ်(၃)တပ်ရင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ(၃)ဦးထက်မနည်း သေ ခဲ့သေးသည်။

အာဏာသိမ်း စစ်အုပ်စုသည် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ် (SSS) အဖွဲ့၏ နယ်မြေကို အသုံးပြုကာ စစ်သည်အင်အား(၂၀၀)ခန့်ဖြင့် ကရင်နီနယ်စပ်စခန်းရှိ စစ်ကောင်စီတပ်များ၏ စခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန်ပွင့်လင်းရာသီအတွင်း စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။