ကယားပြည်နယ်တွင်းမှ အာဏာသိမ်းစစ်တပ်၏ ဂိတ်စခန်း (၃)ခုကို ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်များ နှင့် PDF တို့ ပူးပေါင်းပြီး တစ်နေ့အတွင်း သိမ်းယူနိုင်ခဲ့

ကယားပြည်နယ်တွင်းမှ အာဏာသိမ်းစစ်တပ်၏ ဂိတ်စခန်း (၃)ခုကို ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်များ နှင့် PDF တို့ ပူးပေါင်းပြီး တစ်နေ့အတွင်း သိမ်းယူနိုင်ခဲ့

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်  ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ကယားပြည်နယ်တွင်းမှ အာဏာသိမ်း စစ်ကောင်စီ၏ ဂိတ်စခန်း (၃)ခုကို တစ်နေ့အတွင်း သိမ်းလိုက်နိုင်ကြောင်း သိရသည်။

ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းပြီး ဒေါတဝီဂိတ်နဲ့ နန်ဖဲစစ်တပ်ဂိတ် စခန်းတွေကို သိမ်းနိုင်ခဲ့တယ်။ ထူလွီးဗီလာဂိတ်ကိုတော့ ကျွန်တော်တို့ PDF တစ်ဖွဲ့ထဲပဲ သိမ်းခဲ့တယ်။ ထိခိုက်ကျဆုံးကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ဖက်က ထိခိုက်မှုမရှိဘူး

ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း၍ မေလ (၂၁)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏  ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတဝီဂိတ်စခန်းနှင့် ဘောလခဲမြို့နယ်ရှိ နန်းဖဲကျေးရွာဂိတ်စခန်းများကို သိမ်းနိုင်ခဲ့ပြီနောက် ဒီးမော့ဆိုမြို့အဝင် ထူလွီးဗီလာကျေးရွာရှိဂိတ်စခန်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တစ်ဖွဲ့တည်းမှ တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ မားနာပလော့ရပ်ကွက်ခံတပ်အား မေလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်များက  ကျူးကျော်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်က ခုခံတိုက်ခိုက်ခဲ့ပြီးနောက် နေရာအတော်များများတွင်  ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။