ဂျပန်နိုင်ငံက ယမန်နှစ်ကတည်းက စတင်ခဲ့သည့် အစီအစဉ်အရ မြန်မာပြည်သူများအတွက် ဆေးရုံကြီး (၁၄)ရုံတွင် သုံးရန် လူနာတင်ယာဉ်များ လှူဒါန်း

Photo: Embassy of Japan in Myanmar
Photo: Embassy of Japan in Myanmar
ဂျပန်နိုင်ငံက ယမန်နှစ်ကတည်းက စတင်ခဲ့သည့် အစီအစဉ်အရ မြန်မာပြည်သူများအတွက် ဆေးရုံကြီး (၁၄)ရုံတွင် သုံးရန် လူနာတင်ယာဉ်များ လှူဒါန်း

ဂျပန်နိုင်ငံက ယမန်နှစ်ကတည်းက စတင်ခဲ့သည့် ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ ဆေးရုံကြီး (၁၄) ခုအတွက် လူနာတင်ယာဉ်များကို ပေးပို့လှူဒါန်းထားပြီး မြန်မာပြည်သူများအတွက် Oxygen Concentrator များကိုလည်း ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်ပြီး မြန်မာပြည်သူများ လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ အထောက်အပံ့များ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် တက်ကြွစွာ ပံ့ပိုးကူညီသွားမည့် မူဝါဒကို ကိုင်စွဲထားသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် COVID-19 တတိယလှိုင်းအတွင်း ကူးစက်နှုန်းနှင့် သေဆုံးနှုန်း နေ့စဉ်မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း၊ ဆေးရုံများတွင် လူနာတင်ကုတင်များ လုံလောက်မှုမရှိခြင်းနှင့် အောက်ဆီဂျင် ပြတ်လပ်မှုများသည် အခြေအနေကို ပိုမိုဆိုးရွားနေသည်ကို တွေ့ရသဖြင့် ပြည်သူများ၏အသက်ကို ကယ်တင်နိုင်ရန် ယင်းကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟု ဂျပန်သံရုံးက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဂျပန်နိုင်ငံက လူနာတင်ယာဉ်များကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပအထွေထွေဆေးရုံကြီး၊ ဝေ‌‌‌ဘာဂီအထူးကုဆေးရုံ (ကူးစက်)၊ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး၊ လွိုင်ကော်အထွေထွေရောဂါကုဆေးရုံကြီး၊ မုံရွာအထွေထွေရောဂါကုဆေးရုံကြီး၊ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၊ ပြည်အထွေထွေရောဂါကုဆေးရုံကြီး၊ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး၊ လားရှိုးအထွေထွေရောဂါကုဆေးရုံကြီး နှင့် ပုသိမ်အထွေထွေရောဂါကုဆေးရုံကြီးတို့သို့ ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၅.၁၈ သန်းတန်ဖိုးရှိ ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်ကို ယမန်နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး Automated PCR testing machines (PCR အလိုအလျောက်စစ်ဆေးစက်များ) နှင့် PCR လက်ပ်တော့များ၊ PCR test kits (PCR စစ်ဆေးကိရိယာများ) ၊ RNA extraction kits (RNA ထုတ်ယူသည့်ကိရိယာများ) နှင့် molecular biological grade ethanolများ၊ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးယူနစ်များနှင့် ICU အဆောက်အအုံများအတွက် မီးစက်များကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency