မူဆယ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဌာဆိုင်ရာများ အပါအဝင် (၆၁)ဦး Covid-19 ကူးစက်ခံရ

မူဆယ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဌာဆိုင်ရာများ အပါအဝင် (၆၁)ဦး Covid-19 ကူးစက်ခံရ
ဇူလိုင် 9, 2021 | Covid-19| ရှမ်းမြောက်

မူစယ်တွင် COVID 19 လူနာတိုးလာ၍ ကုသဆောင်ထပ်တိုးထားရပြီး နကစညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီးတို့လည်း ကူးစက်ခံထားရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဇနီးတို့ အပါအဝင် စုစုပေါင်း COVID 19 အတည်ပြုလူနာ (၆၁) ဦးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၈ ) ရက်နေ့တွင် ထပ်တိုးလာ၍ COVID 19 ကုသရေးစင်တာများလည်း ထပ်တိုးချဲ့ထားရသည်ဟု သိရသည်။

ယမန်နေ့က ပိုးတွေ့သူများတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးတို့ အပါအဝင် အတည်ပြုလူနာ (၆၁) ဦးထပ်တိုးရာ စုစုပေါင်း (၂၆၀) ကျော်ပြီဖြစ်၍ လက်ရှိကုသဆောင်နေရာများ မလုံလောက်တော့ကြောင်း သိရသည်။

ယခင်က ကိုဗစ်ကုသဆောင်များဖွင့်ထားသည့်  မူဆယ်ပြည်သူ့ဆေးရုံအသစ်၊ ဆေးရုံဟောင်းနှင့် မူဆယ်မြို့ရှိ တရုတ်စာသင်ကျောင်းနေရာများတွင် လူပြည့်နေသဖြင့် အကောက်ခွန်ရုံး၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် အိမ်တွင်းမှုကျောင်းတို့တွင်လည်း ပိုးတွေ့အတည်ပြုလူနာများ ထားနေကြောင်း သိရသည်။

မူဆယ်မြို့နှင့် ၁၀၅ မိုင်တို့တွင် ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ (၂၆၀) ကျော်ပြီဟုဆိုသော်လည်း မိမိတို့အစီအစဉ်ဖြင့် နေအိမ်တွင် စစ်ဆေး၊ ကုသနေသူများလည်း ရှိနေသည့်အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဌာနက လူနာတွေ့ရှိမှုနှင့် ကုသပေးနိုင်မှု မနိုင်မနင်းဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။

မူစယ်နှင့်နယ်စပ် တရုတ်နိုင်ငံဘက် ကျယ်ဂေါင်နှင့်ရွှေလီတွင်လည်း အတည်ပြုလူနာများ တွေ့ရ၍ lock down ချထားကာ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်များကိုလည်း ယမန်နေ့ကတည်းက တရုတ်ဘက်က ပိတ်ထားသည်ကိုလည်း တွေ့ရသည်။