ဖားဆောင်းမြို့နယ်အတွင်း ဝင်ရောက်မည့် သူများအားလုံး Covid-19 ကင်းစင်ကြောင်း ဆေးစစ်ချက်လက်မှတ်ပါမှသာ ဝင်ခွင့်ပြုမည်

ဖားဆောင်းမြို့နယ်အတွင်း ဝင်ရောက်မည့် သူများအားလုံး Covid-19 ကင်းစင်ကြောင်း ဆေးစစ်ချက်လက်မှတ်ပါမှသာ ဝင်ခွင့်ပြုမည်
ဇူလိုင် 26, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ ဖားဆောင်းမြို့နယ်အတွင်း ဝင်ရောက်မည့် သူများအနေဖြင့် Covid-19 ကင်းစင်ကြောင်း (၇၂)နာရီအတွင်း စစ်ဆေးထားသည့် ဆေးစစ်ချက်လက်မှတ် ပါမှသာ ဝင်ရောက်ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။ 

Covid-19 ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လာသောကြောင့် ဖားဆောင်းမြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဥ်များ ၊ ခရီးသွားကားများတွင် လိုက်ပါကြမည့် သူများ အနေဖြင့် (၇၂)နာရီအတွင်း Covid-19 ကင်းစင်ကြောင်း စစ်ဆေးထားသည့် ဆေးလက်မှတ်ပါမှသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပြီး မြို့တွင်း ညအိပ်ရပ်နား တည်းခိုခွင့်ပြုမည် မဟုတ်ကြောင်း ဖားဆောင်းမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီက ကြေညာထားသည်။ 

ဇူလိုင်လ(၂၃)ရက်နေ့မှစ၍  ဖားဆောင်းမြို့နယ်အတွင်း ဝင်ရောက်ကြမည့် ကုန်တင်ယာဥ်နှင့် အိမ်စီးကားများပေါ်တွင် လိုက်ပါလာသူများ အနေဖြင့် Covid-19 ကင်းစင်ကြောင်း ဆေးစစ်ချက်မှတ်တမ်းအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ထောက်ခံချက်လက်မှတ်  နှင့် သက်သေခံကတ်ပြားများအား တစ်ပါတည်းယူဆောင်၍ မြို့ဝင်ဂိတ်တွင် စစ်ဆေးခံပြီးမှသာ ဝင်ရောက် ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူများ အနေဖြင့် နေ့ချင်းပြီး ကုန်တင်ကုန်ချ ပြုလုပ်ရမည်ဖြစ်ပြီး ညအိပ်ရပ်နားတည်းခိုခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။ 

ဖားဆောင်းမြို့နယ်အတွင်း သြဂုတ်လမှစ၍  ကုန်တင်ယာဥ်များအား လစဥ် (၁၀)ရက်နေ့ ၊ (၂၀)ရက်နေ့ ၊ (၃၀) ရက်နေ့ သုံးကြိမ်သာ မြို့တွင်း ဝင်ထွက်ခွင့်ပြုတော့မည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများ အရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

 ဖားဆောင်းမြို့နယ်တွင် ဇူလိုင်လ (၂၅)ရက်နေ့ထိ စစ်ဆေးချက်အရ  Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၃၀) ဦးရှိပြီဖြစ်သည်။