ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လာသူများကို နေအိမ်၌ (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှုကို ရှမ်းအရှေ့တွင် အလျင်အမြန်စတင်ရန် လုပ်ဆောင်

ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လာသူများကို နေအိမ်၌ (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှုကို ရှမ်းအရှေ့တွင် အလျင်အမြန်စတင်ရန် လုပ်ဆောင်
မတ် 24, 2020
By Tachileik News Agency

ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လာသူများကို နေအိမ်၌ (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှုကို ရှမ်းအရှေ့တွင် အလျင်အမြန်စတင်ရန် လုပ်ဆောင်

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါဖြစ်ပွားမှုမြင့်နေသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ နေရပ်ပြန်လာသူအားလုံး မိမိတို့နေအိမ်တွင် (၁၄)ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှုပြုလုပ်ရန် ရပ်ကျေးအဆင့်ထိ ကွင်းဆင်းစာရင်းကောက် လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်အတွင်း ရောဂါဖြစ်ပွားမှုများနေသည့် ဒေသများမှ ပြန်လာသူများအနေဖြင့် အခြားသူများ၊ မိသားစုများနှင့် ခွဲခြားနေထိုင်ကြရန် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက တိုက်တွန်းလိုက်သည်။

ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာလုပ်သားအများအပြား လေကြောင်းလိုင်းအပြင် နယ်စပ်ဂိတ်များမှ အများအပြားပြန်လာနေကြရာ နေရပ်ပြန်များအားလုံး နေအိမ်တွင် (၁၄)ရက်ကြာ ခွဲခြားနေထိုင်ပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်ထားပြီး ၂၀၂၀ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ ည(၁၁)နာရီ (၁၅)မိနစ်မှစ၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။

မလေးရှားနဲ့ ထိုင်းကပြန်လာသူတွေကို ရပ်ကျေး ကျေးရွာအဆင့်မှာ ကျန်းမာရေးဌာနရယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ရပ်မိရပ်ဖတွေရယ်၊ စေတနာ့ဝန်ထမ်းတွေရယ်ပေါင်းပြီး စာရင်းကောက်ပြီး စောင့်ကြည့်မယ်။ သူတို့အနေနဲ့ အိမ်မှာပဲ ခွဲခြားနေဖို့လိုမယ်။ မကျန်းမာတာနဲ့ ကျန်းမာရေးဌာနကို အကြောင်းကြားမယ်။ နောက်မိသားစုတွေနဲ့လည်း နီးနီးကပ်ကပ်မနေဖို့မှာကြားတယ်။ အဲဒါတွေ လုပ်ဆောင်ဖို့ အခုပဲကျွန်တော့်ကျန်းမာရေးဌာနကို စာထုတ်လိုက်ပြီး မြို့နယ်အုပ်ချုပ်ရေးကနေ ရပ်ကျေးအဆင့်ဆင့်ထိ အကြောင်းကြားပြီး မြန်နိုင်သမျှ မြန်မြန် ချက်ချင်းဆောင်ရွက်သွားမယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ဂိတ်များမှ ဝင်လာသူများအား တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာခြားလျက် စနစ်တကျ တန်းစီစေခြင်း၊ တစ်ဦးချင်းကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ နယ်စပ်မှဝင်လာသူ၏ နေထိုင်မည့်လိပ်စာ၊ ဖုန်းနံပါတ်များရယူထားမည့် ကျန်းမာရေးကြေညာချက်ပုံစံဖြည့်စေခြင်းတို့ လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ကြေညာထားခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်ပိတ်မည်ဖြစ်၍ နေရပ်ပြန်လာသူများနှင့် တံတားမပိတ်မီ ထိုင်းနိုင်ငံဘက် ဈေးသွားဝယ်သူများမှာ မတ်လ (၂၂)ရက်နေ့ တစ်ရက်တည်းတွင် နယ်စပ်ဂိတ်မှ အဝင်လူဦးရေ (၈၀၀၀)နီးပါး ရှိခဲ့ခြင်းဖြစ်သည်။

မနေ့ကဆိုရင် တာချီလိတ်နယ်စပ်ဂိတ်က ဝင်တဲ့ဦးရေက (၈၀၀၀) နီးပါးဆိုတော့ ပထမတော့ စာရင်းတွေ သေချာကောက်ယူတာလုပ်ပေမဲ့ မနိုင်ဘူး။ ဒါကြောင့် ရပ်ကျေးအဆင့်ကနေ စာရင်းတွေ သေချာကောက်ယူပြီး quarantine လုပ်ဖို့ မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်ကြဖို့ ဒီနေ့ စာထုတ်လိုက်တာပါ

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID 19) သည် ကာကွယ်ဆေး၊ ကုသဆေးမရှိသေးသည့်အပြင် ရောဂါပိုးသယ်ဆောင်သူနှင့် ထိတွေ့သူများသို့ အလျင်အမြန် ကူးစက်သဖြင့် ရောဂါဖြစ်ပွားမှုမြင့်သည့် နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်မည်ဖြစ်ရာ တိကျစွာ လိုက်နာကြရန်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရန် တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးမကောင်းပါက ကျန်းမာရေးဌာနသို့ လျင်မြန်စွာဆက်သွယ်ပြီး သီးခြားခွဲ၍ နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~