တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလ၏ (၁၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၈၉)ဦး အထိရှိ

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလ၏ (၁၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၈၉)ဦး အထိရှိ
ဇူလိုင် 7, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်း ကာလ၏ (၁၀)အတွင်း၌ Covid-19 ပိုးတွေ့ရှိသူ (၁၈၉)ဦးမြောက်အဖြစ် ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် ကူးစက်ခံထားရသူ (၂၂)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ တွေ့ရှိရသည့် (၂၂)ဦးသည် တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် လာရောက်စစ်ဆေးသူများအပါအဝင် ပုန်းထွန်ရပ်ကွက် (၁)လမ်းအတွင်းရှိ Online Game လုပ်ကိုင်နေသည့် ရွှေရည်မြင့်မိုရ် မိုတယ်မှ ထိတွေ့သူများ  အပါအဝင် 1G1 Hotel အနီး အိမ်ခန်းများကလည်း ပိုးတွေ့ရှိသူများ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်ကာ ဇူလိုင်လ(၇)ရက်နေ့ ည(၆)နာရီအထိတွင် Covid-19 ကူးစက်ခံရသူ အမျိုးသား(၇၇)ဦး နှင့် အမျိုးသမီး(၁၁၂)ဦး စုစုပေါင်း (၁၈၉)ဦးအထိ ရှိနေကြောင်း သိရသည်။

ဇူလိုင်လ(၆)ရက်နေ့က ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိကြောင်း သိရှိရသည့် အမည်နှင့်နေရာလိပ်စာအပြင် အချက်အလက်များ မသိရသည့် အမျိုးသားတစ်ဦးသည် ယနေ့ ဇူလိုင်လ(၇)ရက်နေ့အထိ ထွက်ပြေးလွတ်မြောက်နေကြောင်း လည်းသိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ပိုးတွေ့သူများမှာ Online Game လုပ်ကိုင်နေသည့် ရွှေရည်မြင့်မိုရ် မိုတယ် နှင့် လိုမာ ဟိုတယ်တို့မှ ဝန်ထမ်းများ ပါဝင်သလို 1G1 Hotel , DAT KTV&CLUB နှင့် နောင်မွှေ ငါးကန်(စားသောက်ဆိုင် - ဖန်မင်အုပ်စု) အပြင် အခြားနေရာမှာ လာရောက်ပြီး  စစ်ဆေးတွေ့ရှိရသူများ ပါဝင်ကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူများနှင့် ပတ်သက်၍ (၁)ပတ်အတွင်း ၎င်းတို့ သွားလာသည့် နေရာများကို အမှန်ပြောခြင်းမရှိသူမှာ များပြားနေသလို ထိတွေ့သူများကိုလည်း သက်ဆိုင်ရာက ယခင်ကလို ရှာဖွေကာ စစ်ဆေးခြင်း  မပြုလုပ်နိုင်ခြင်းများရှိနေသည့်အပြင် အတည်ပြုလူနာများ သွားလာခဲ့သည့် စားသောက်ဆိုင်များ နှင့် ဆေးဆိုင်အချို့ အပါအဝင် ခေါက်ဆွဲဆိုင်အချို့လည်း ဆက်လက်ဖွင့်လှစ်ထားခြင်းများရှိနေသည့်အတွက် ကူးစက်မှု ပိုမိုမြှင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုနေသည်များလည်း ရှိနေသည်။

တာချီလိတ်မြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် Stay at Home မသတ်မှတ်ရသေးသော်လည်း နေ့ဈေး နှင့် ညဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ ပိတ်ထားရန် နှင့် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် စည်ပင်သာယာရေးဌာနက စေခိုင်းထားသလို ခရိုင်/မြို့နယ် ကိုဗစ် ကော်မတီကလည်း နေအိမ်တွင်းသာနေထိုင်ရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်သည့်အခါ Mask တပ်ရန် အဓိက အသိပေးထားကြောင်း သိရသည်။

#TachileikNewsAgency