တာချီလိတ်မြို့ မယ်ယန်းတွင် Covid-19  အတည်ပြုလူနာတွေ့ရသည့် နေအိမ်လိုင်းခန်းငှားကို အသွားအလာကန့်သတ် စစ်ဆေးပေးခြင်း မရှိ

တာချီလိတ်မြို့ မယ်ယန်းတွင် Covid-19  အတည်ပြုလူနာတွေ့ရသည့် နေအိမ်လိုင်းခန်းငှားကို အသွားအလာကန့်သတ် စစ်ဆေးပေးခြင်း မရှိ
သြဂုတ် 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဖန်မင်းကျေးရွာအုပ်စုအတွင်း၊ မယ်ယန်းစာသင်ကျောင်းအနီးမှ နေအိမ်လိုင်းခန်းငှားတွင် Covid-19 အတည်ပြုလူနာတွေ့ထားသည့်နေအိမ်ကို အသွားအလာကန့်သတ်ခြင်း မပြုလုပ်ဘဲထားရှိကာ အနီးဝန်းကျင်တွင်လည်း ဖျားနာသူများ ရှိလာနေကြောင်း သိရသည်။

“မယ်ယန်းစာသင်ကျောင်းနားက နေအိမ်လိုင်းခန်းငှားမှာပါ။ လွန်ခဲ့တဲ့ သုံးလေးရက်ဝန်းကျင်က (ရက်အတိအကျမမှတ်မိ) သူတို့ ကိုဗစ်လူနာကို ဆေးရုံပို့ထားတယ်။ အိမ်မှာကျန်ခဲ့သူတွေကလည်း အောက်ဆီဂျင်နဲ့နေရတဲ့လူနာတောင်ရှိတယ်ဆိုတော့ ကိုဗစ်လား မသိဘူး။ လိုင်းခန်းမှာ အပေါ်ထပ်အောက်ထပ် အခန်း (၁၅) ခန်းရှိတာ စစ်ဆေးပေးတာလည်း မလုပ်ပေးဘူး။ အခု တခြားအခန်းတစ်ခုကလည်း တစ်ယောက်ဖျားနေတယ်။ ဒီမှာနေကြတာက ကလေးတွေရော၊ အသက်ကြီးသူတွေရောရှိတော့ စိတ်ပူနေကြတယ်”ဟု နေအိမ်လိုင်းခန်းငှားတွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၁၆)ရက်နေ့တွင် ပြောသည်။

အဆိုပါ နေအိမ်လိုင်းခန်းငှားတွင် ဩဂုတ်လ (၁၆) ရက်နေ့အထိ ဖျားနာနေသူ (၃) ဦးရှိနေကြောင်း သိရသည်။

Covid-19 တတိယလှိုင်းအတွင်း အတည်ပြုလူနာထောင်နှင့်ချီ၍ တွေ့ထားရသည့် တာချီလိတ်တွင် အတည်ပြုလူနာ တွေ့ရှိသည့်နေရာအား အသွားအလာကန့်သတ်ခြင်း၊ အတည်ပြုလူနာနှင့် ထိတွေ့သူများကို စစ်ဆေးပေးခြင်းအပါအဝင် ကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေးလုပ်ငန်းများအား လုပ်ဆောင်နိုင်ခြင်းမရှိဘဲ သံသယလက္ခဏာရှိသူဖြစ်စေ၊ ထိတွေ့သူဖြစ်စေ မိမိကိုယ်တိုင် fever clinic တွင် သွားရောက်စစ်ဆေးနေရခြင်းဖြစ်သည်။