တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၈)ရက်နေ့၌ Covid-19 ပိုးရှိသူ (၁၀)ဦးတွေ့ရှိ

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၈)ရက်နေ့၌ Covid-19 ပိုးရှိသူ (၁၀)ဦးတွေ့ရှိ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၈)ရက်နေ့၌  Covid-19 ပိုးရှိသူ (၁၀)ဦးတွေ့ရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားသူများအား နှစ်ကြိမ်မြောက် COVID 19 စစ်ဆေးမှုအဖြစ် ဓာတ်ခွဲနမူနာရယူ၍ တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ရာ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၌  COVID 19 တွေ့ရသူ (၉) ဦး ထပ်တိုးကြောင်း တွေ့ရသည်။
" ပထမ ထိတွေ့ပြီး (၃)ရက်အတွင်း RDT နဲ့ စစ်လိုက်တဲ့ ရည်ရွယ်ချက်က ရောဂါပိုးမိနိုင်တဲ့ ပရိုတင်းပေါ့၊ ရောဂါပိုးက ပရိုတင်းက အဲဒီအချိန်က စထွက်လာပြီ။ ရောဂါလက္ခဏာမပြမီ (၂)ရက်နဲ့ ရောဂါလက္ခဏာပြပြီး (၇) ရက်အတွင်းမှာ ပရိုတင်းက စထွက်လာပြီ။ RDT ကကျတော့ အဲဒီပရိုတင်းကို လိုက်ဖမ်းတာ။ တစ်ချို့ကျတော့ ရောဂါလက္ခဏာက မပြဘူးလေ။ အဲဒီတော့ အဲဒီကြားကာလကိုမိအောင်လို့ နောက်ဆုံးထိတွေ့ရက်ကနေ စပြီးရေတွက်လိုက်လို့ရှိရင် (၃) ရက်မြောက်နေ့မှာ ဖမ်းစစ်တယ်။ အကယ်၍များမှ သူက ရောဂါလက္ခဏာမပေါ်ဘူးဆိုရင် RDT က သွားမမိတာမျိုး ရှိတတ်တယ်။ အဲဒီလို မမိတာမျိုးရှိတတ်တဲ့အခါ PCR နည်းစနစ်နဲ့ (၁၁)ရက်မြောက်နေ့မှာ ပြန်စစ်တာ။ quarantine လည်းပြီးခါနီးပေါ့။ ဒီနှစ်ကြိမ်စစ်ပြီးရင်တော့ ပိုးရှိ၊ မရှိက သေချာသွားပြီပေါ့"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ထပ်တိုးတွေ့ရသူ (၉) ဦးမှာ အတည်ပြုလူနာများနှင့် ထိတွေ့သူများဖြစ်၍ RDT ဖြင့် စစ်ဆေးစဉ် Negative အဖြေရထားသူများဖြစ်ပြီး နှစ်ကြိမ်မြောက်စစ်ဆေးမှုအဖြစ် တောင်ကြီးရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့စစ်ခဲ့ရာမှ ပိုးကူးစက်ခံထားရသည်ကို တွေ့ရခြင်းဖြစ်သည်။
ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်းကျေးရွာနေ အမျိုးသမီးတစ်ဦးသည် အနံ့ပျောက်နေ၍ RDT ဖြင့် စစ်ဆေးမှု ခံယူရာက ၎င်းတွင် Covid-19 ပိုးတွေ့ရ၍ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ စစ်ဆေးတွေ့ရှိသည့် (၉)ဦး အပါဆိုလျှင် တာချီလိတ်မြို့တွင် တစ်နေ့တည်း ပိုးတွေ့ အတည်ပြုလူနာ (၁၀)ဦးအထိ တွေ့ရှိခြင်း ဖြစ်သည်။
COVID 19 အတည်ပြုလူနာများအား တွေ့ရှိပါက ထိတွေ့မှုရှိ၍ ကူးစက်ခံရနိုင်ချေရှိသူများအား ကျန်းမာရေးဌာနက ရှာဖွေ၍ အသွားအလာကန့်သတ်ကာ  (၃) ရက်အတွင်း ပထမအကြိမ်အဖြစ် RDT ဖြင့် စစ်ဆေးပြီး ပိုးတွေ့သူများကို ကုသဆောင်သို့ပို့ကာ ပိုးမတွေ့ရသူများကို facility quarantine စင်တာ၌ ဆက်လက်ထားရှိကာ (၁၁) ရက်မြောက်နေ့၌ PCR နည်းစနစ်ဖြင့် ထပ်မံစစ်ဆေးပေးခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~