ကျောက်မဲမြို့တွင် ထိတွေ့သူများထဲက နောက်ထပ် (၅)ဦး ထပ်တိုး၍ Covid-19 ပိုး ကူးစက်ခံထားရသူ (၆၃)ဦး ရှိနေ

ကျောက်မဲမြို့တွင် ထိတွေ့သူများထဲက နောက်ထပ် (၅)ဦး ထပ်တိုး၍ Covid-19 ပိုး ကူးစက်ခံထားရသူ (၆၃)ဦး ရှိနေ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို စစ်ဆေးရာ ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုးသည့် အတွက် မြို့နယ်အတွင်းအနေဖြင့် စုစုပေါင်း အတည်ပြုလူနာ (၆၃)ဦး ရှိနေကြောင်း သိရသည်။

Covid-19 ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသည့် ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထံမှ ဇွန်လ(၂၈)ရက်နေ့က ပိုးတွေ့ရှိပြီးနောက် ၎င်းနှင့် ထိတွေ့မှုရှိခဲ့သူများထဲက ယနေ့ ပိုးတွေ့ရသည့် အမျိုးသမီး(၂)ဦး အပါအဝင် ယနေ့ ဇူလိုင်လ(၁)ရက်နေ့အထိ (၁၅)ဦးအထိ ကူးစက်မှု ရှိထားကြောင်း ကျန်းမာရေး၏ စစ်ဆေးချက်အရ သိရသည်။

 

ကျောက်မဲမြို့တွင် ဇွန်လ (၂၀)ရက်က  ပိုးတွေ့သူ နှစ်ဦး နှင့် ထိတွေ့သူများ အပါအဝင် ထွေအုပ် ဝန်ထမ်းနှင့်ထိတွေ့သူများ အပါအဝင် Covid-19 ပိုးတွေ့ထားရသူ စုစုပေါင်းမှာ(၂၉)ဦးရှိနေပြီဖြစ်ပြီး ပထမဆုံးပိုးတွေ့သူ နှစ်ဦးသည် သီပေါအကျဉ်းထောင်၌ ရှိနေခြင်း ဖြစ်ပြီး ကျန်သူများမှာ ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေကြသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ဇွန်လ (၂၈)ရက်က အနံ့ပျောက်နေသည့် သူများအား စစ်ဆေးခဲ့ရာမှတဆင့် ယနေ့  ဇူလိုင်လ(၁)ရက်နေ့အထိတွင် အသစ်ထပ်တိုး တွေ့ရသည့် အမျိုးသား(၃)ဦး အပါအဝင် စုစုပေါင်း(၃၄)ဦးရှိနေကြောင်း သိရသည်။