တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအားလုံး ‌နေရပ်ကို အမြန်ဆုံးပြန်လာနိုင်ရေး မယ်ဆိုင်မြို့အုပ်ချုပ်ရေးအဖွဲ့က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံ

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအားလုံး ‌နေရပ်ကို အမြန်ဆုံးပြန်လာနိုင်ရေး မယ်ဆိုင်မြို့အုပ်ချုပ်ရေးအဖွဲ့က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံ
ဇူလိုင် 15, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့နယ်အတွင်း Covid-19 တတိယလှိုင်းဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အတွင်း တရားဝင်လမ်းကြောင်း နှင့် တရားမဝင်လမ်းကြောင်းတို့မှ တဆင့် ရောက်ရှိနေထိုင်နေကြသည့် ထိုင်းနိုင်ငံသူ နိုင်ငံသားများ၊ Covid-19 ကူးစက်ခံထားရသည့် ထိုင်းနိုင်ငံသူ နိုင်ငံသားများအားလုံး လျှင်မြန်စွာ နေရပ်ပြန်ခွင့်ရရှိရေးအတွက် မြန်မာဘက်အနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် မယ်ဆိုင်မြို့နယ် ဥက္ကဌမှ ဇူလိုင်လ(၁၄)ရက်နေ့က  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံသည့် အကြောင်းကြားစာ ပို့ထားကြောင်း သိရသည်။

ထိုင်းဘက်က အကူညီတောင်းခံသည့် စာ ( မြန်မာဘာသာ )

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရမှု မရှိသေးသူများ အပါအဝင် ကူးစက်ခံရမှု ရှိသူများကို စစ်ဆေးကုသမှုပေးနိုင်ရန်အတွက်လည်း မယ်ဆိုင်ဘက်က ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားများ နေရပ်မပြန်နိုင်ဘဲ Covid-19 တတိယလှိုင်းအတွင်း ပိတ်မိနေမှုများဖြစ်ပေါ်နေ၍ ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအပါအဝင် မိမိနိုင်ငံသားအပေါ် ထောက်ထားစာနာခြင်း၊ အိမ်နီးချင်းနိုင်ငံတွင် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ယခုလို ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရောက် ထိုင်းနိုင်ငံသား အများစုမှာ တာချီလိတ်သို့ ၂၀၂၀ခုနှစ် မတ်လအတွင်း Covid-19 မတိုင်မီ  နယ်စပ်တံတား မပိတ်မီကတည်းက တရားဝင် ရောက်ရှိထားကြသူများ ပါဝင်သလို တရားမဝင် နယ်စပ်ချောင်းမှ ဝင်ရောက်လာသူများလည်းရှိပြီး ၎င်းတို့သည် တာချီလိတ်မြို့ရှိ KTV,Club နှင့် Online Game များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်က အကူညီတောင်းခံသည့် စာ ( ထိုင်းဘာသာ )

ထိုင်းနိုင်ငံက ၎င်းတို့၏ နိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများတွင် Covid-19 ကြောင့် ပိတ်မိပြီး အခက်အခဲဖြစ်ပေါ်နေမှုများကြောင့် နေရပ်ပြန်ခေါ်မှုများရှိသော်လည်း မြန်မာဘက်အနေဖြင့် တာချီလိတ်မြို့နှင့်အနီး လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း Covid-19 တားမြစ်ချက်များအကြား ထောင်နှင့်ချီ ပိတ်မိနေသည့် မြန်မာနိုင်ငံသားများ၏ အရေးကိုတော့ ကူညီနိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။