တာချီလိတ်မြို့၏  ကိုဗစ် တတိယလှိုင်းအတွင်း တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၁၃)ဦး တွေ့ရှိ

တာချီလိတ်မြို့၏  ကိုဗစ် တတိယလှိုင်းအတွင်း တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၁၃)ဦး တွေ့ရှိ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့တွင် ဇူလိုင်လ(၁)ရက်နေ့ တစ်နေ့တည်း  Covid-19 ကူးစက်ခံထားရသူ (၁၃)ဦး အသစ်ထပ်တိုး၍ တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း စုစုပေါင်း (၁၆)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း Covid-19 လာရောက်စစ်ဆေးရာမှ ပိုးတွေ့သည့် အမျိုးသမီးတစ်ဦး နှင့် စပ်ဆက်သည့် နောက်ထပ် (၇)ဦး နှင့်  သီးခြားလာစစ်သူများထဲက (၅)ဦးတွင် Covid-19 ပိုးတွေ့ရှိရ၍ တစ်နေ့တည်းတွင် (၁၃)ဦး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ပထမဆုံး ပိုးတွေ့ရသည့် အမျိုးသမီးသည် ၂၀၂၁ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နှင့် ဇွန်လ(၂၄)ရက်နေ့ ညနေပိုင်းက ဆန်ဆိုင်းရပ်ကွက်အတွင်း မြို့ရှောင်လမ်းဘေးရှိ ခွန်လှဖန်  စားသောက်ဆိုင်ကို သွားရောက်ခဲ့ကြောင်း နှင့် ဇွန်လ(၂၆)ရက်နေ့တွင် မေဖလားဝါးအတွင်းရှိ CJ စားသောက်ဆိုင်သို့လည်း သွားရောက်ခဲ့ပြီးနောက် ဇွန်လ(၂၆)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ 1G1 ဟိုတယ်ရှိ KTV သို့ (၃)ရက် ဆက်တိုက် သွားရောက်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် ထိတွေ့သူများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေလျက်ရှိပြီး ထိတွေ့သူများကိုလည်း ရှာဖွေနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် KTV သို့ သွားရောက်ခဲ့သူများ အပါအဝင် မိမိကိုယ်ကိုကိုယ် သံသယရှိပါက တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ နေ့စဉ် လာရောက်၍ စစ်ဆေးမှု ခံယူနိုင်ကြောင်း အသိပေးထားရှိသည်။ 

တာချီလိတ်မြို့တွင် ဇွန်လ(၂၈)ရက်နေ့က (၃)ဦး နှင့် ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် (၁၃)ဦး စုစုပေါင်း (၁၆)ဦးရှိနေရာတွင် အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၁၁)ဦးတို့ ပါဝင်ရာတွင် ထိုင်းနိုင်ငံသား နှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency