ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခမဲ့ အဖျားရောဂါကုဆေးခန်းသို့ လာရောက်ပြသသူနည်းပါးနေ၍ သြဂုတ်လကုန်တွင် ပိတ်မည်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခမဲ့ အဖျားရောဂါကုဆေးခန်းသို့ လာရောက်ပြသသူနည်းပါးနေ၍ သြဂုတ်လကုန်တွင် ပိတ်မည်
သြဂုတ် 29, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခမဲ့ အဖျားရောဂါကုဆေးခန်းသို့ လာရောက်ပြသသူ နည်းပါးနေ၍  သြဂုတ်လကုန်တွင် ပိတ်မည်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသည့် အခမဲ့ အဖျားရောဂါကုဆေးခန်း (fever clinic)တွင် လာရောက်ပြသသည့်လူနာ နည်းပါးသောကြောင့် သြဂုတ်လကုန်တွင် ပြန်လည် ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ အခြေအနေက ဖျားတဲ့နာတဲ့လူနာ တစ်နေ့မှ (၂)ယောက် (၃)ယောက်လောက်ပဲ လာတယ်။ ဒီဆေးခန်းကြီးသာ ဖွင့်ထားခဲ့ရတယ်။ ကျွန်တော်တို့ မှာ ခုထပ်ပြီးတော့ ကြေညာပါ့မယ်။ ဒီသြဂုတ်လကုန်ရင် ဒီဆေးခန်းကို ပြန်ပြီးတော့ ပိတ်လိုက်ပါတော့မယ်။ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ volunteer တွေ၊ ဆရာဝန်တွေ၊ လုပ်ပေးရတဲ့သူတွေ တာဝန်ယူရတဲ့ အချိန်နဲ့ တကယ်လာပြတဲ့လူနာက ဒီလောက်မများကြဘူး။ ဒါ့အပြင် ဆေးရုံကြီးမှာလည်း ကိုဗစ်သံသယလူနာက မရှိသလောက်ကိုဖြစ်နေတာ”ဟု ကယားပြည်နယ်ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာဌေးလွင်က ပြောသည်။
COVID 19  ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လွိုင်ကော်မြို့ မြို့နယ်ခန်းမတွင် ဇူလိုင်လ (၁) ရက်နေ့မှစ၍ အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic)ကို မြန်မာနိုင်ငံဆရာဝန်အသင်း ကယားပြည်နယ်မှ  ဆရာဝန် (၆)ဦး၊ ပြည်နယ်ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများနှင့် ပရဟိတအဖွဲ့မှ စေတနာ့ဝန်ထမ်းများဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
အဖျားရောဂါကုအခမဲ့ ဆေးခန်း ဖွင့်လှစ်ထားကာ ရွေ့လျား ဓါတ်မှန်စက်ကြီးများဖြင့် ပစ္စည်းကိရိယာစုံလင်စွာ ကုသပေးနေသော်လည်း လူနာအများစုမှာ  ဓာတ်ခွဲနမူနာယူခြင်း၊ quarantine ဝင်ခိုင်းခြင်းများလုပ်ဆောင်မည်ကို စိုးရိမ်၍ ဆေးရုံကြီးသို့သာ သွားကြကြောင်း  သိရသည်။
“ခုကိုဗစ်က မပြီးသေးဘူးဆိုတော့ သတိရှိရှိနေဖို့လိုအပ်တယ်။ ခု fever clinic ကပိတ်ပြီဆိုပေမဲ့ ဖျားတဲ့လူနာတွေက ဆေးရုံကြီးကို သွားပြလို့ရတယ်။ ဓါတ်မှန်ရိုက်ဖို့အတွက် တီဘီသံသယရှိတဲ့လူနာတွေက  ပြည်နယ်တီဘီဌာနကိုလာပြီးတော့ပြလို့ရတယ်။ ဒါကြီးပိတ်လိုက်ပြီဆိုပေမဲ့  ပြည်သူတွေကြောက်ဖို့မလိုအပ်ဘူး။ တစ်ခြားဆေးရုံဆေးခန်းတွေလည်း ပုံမှန်တိုင်းရှိနေမှာဆိုတော့ လာပြလို့ရပါတယ်ခင်ဗျ ”ဟု တီဘီတိုက်ဖျက်ရေးဌာနမှ ဒေါက်တာ သန်းထိုက်ဇော်က ပြောသည်။
လက်ရှိတွင် အဖျားရောဂါကု အခမဲ့ဆေးခန်းကို သြဂုတ်လကုန်တွင် ပိတ်သိမ်းသွားမည်ဖြစ်သော်လည်း အခြေအနေအရ လိုအပ်ပါက ပြန်လည်ဖွင့်လှစ်မည်ဟု သိရသည်။
“ပိတ်တော့မယ်ဆိုတော့ နှမျောတာပေါ့နော်။ ကျွန်မတို့က ဒေသခံတွေကို လာပြစေချင်တာ။ ဘာလို့လဲဆိုတော့ ဆေးခန်းတွေသွားမယ်ဆို ပိုက်ဆံလည်းကုန်တယ်။ လူတွေလည်းကြိတ်ကြိတ်တိုး ပြီးတော့ စောင့်ရတာမျိုးရှိတယ်။ ခုဒီဟာကျတော့ စောင့်စရာလည်းမလိုဘူး။ လူကလည်းနည်းတယ်။ တီဘီဆိုလည်းတီဘီ စမ်းသပ်လို့ရတယ်။ ငှက်ဖျား တို့သွေးလွန်တုပ်ကွေးတို့လည်းစမ်းသပ်လို့ ရတယ်။ ဓါတ်မှန်တွေအစရိုက်ပေးတယ်ဆိုတော့ ဒါအရမ်းကိုကောင်းတဲ့ ဆားဗစ်တစ်ခုဖြစ်တယ်။ လူတွေကို လာပြစေချင်တာပေါ့။ ဒါပေမယ့် အခုကပိတ်တော့မယ်ဆိုတော့လည်း မတတ်နိုင်ဘူး ပေါ့နော်။ ”ဟု ကလေးအား ဆေးခန်လာပြသူ မနိုရင်း ကပြောသည်။
အဖျားရောဂါကု အခမဲ့ဆေးခန်းတွင် ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီရောဂါ များ အခမဲ့စမ်းသပ်ကုသပေးမှု စတင်သည့်ချိန်မှစ၍ လာရောက်ပြသသူ လူနာ ယခင်ထက်အနည်းငယ်များခဲ့ပြီး ဆေးခန်းမှ တီဘီရောဂါသံသယလူနာ (၆၀)ဦးစစ်ဆေးပေးခဲ့ရာ တွင် (၁၀)ဦးတီဘီပိုးတွေ့ခဲ့ပြီး သွေးလွန်တုပ်ကွေးစစ်ဆေးရာတွင် (၁၀)ဦးခန့် စစ်ဆေးတွေ့ရှိခဲ့ပြီး အများအားဖြင့် ရာသီတုပ်ကွေးနှင့် ဖျားနာသူများ အများဆုံးလာရောက်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းသို့ လာပြသည့်လူနာများမှ ကိုဗစ်-၁၉နှင့် ပတ်သက်၍ ဖျားနာပြီး ခရီးသွား ရာဇဝင်ရှိသူ တစ်ဦးကိုသာ ဆေးရုံကြီးလွှဲပြောင်းပေး ခဲ့ခြင်းရှိသော်လည်း ကိုဗစ်သံသယလူနာ မတွေ့ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့ မြို့နယ်ခန်းမရှိ အဖျားရောဂါကု အခမဲ့ဆေးခန်း (Fever clinic)စတင်ဖွင့်လှစ်သည့် ဇွန်လ (၁) ရက်နေ့မှ  သြဂုတ်လ (၂၀) ရက်နေ့အထိ ဆေးခန်းသို့လာရောက်ပြသသူ (၃၀၀) ကျော်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~