မဖြစ်မနေကျင်းပရမည့် ဘာသာရေး အခမ်းအနားများကို (၂၉)ဦးထက် မပိုစေဘဲ ကျင်းပခွင့်ပြု

မဖြစ်မနေကျင်းပရမည့် ဘာသာရေး အခမ်းအနားများကို (၂၉)ဦးထက် မပိုစေဘဲ ကျင်းပခွင့်ပြု
သြဂုတ် 20, 2020
By Tachileik News Agency
မဖြစ်မနေကျင်းပရမည့် ဘာသာရေး အခမ်းအနားများကို (၂၉)ဦးထက် မပိုစေဘဲ ကျင်းပခွင့်ပြု
မဖြစ်မနေ ကျင်းပရမည့် ဘာသာရေးဆိုင်ရာအခမ်းအနားများကို (၂၉)ဦးအထိ စုဝေးခွင့်၊ COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခွင့်ကို COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုပေးထားကြောင်း သိရသည်။
ဘာသာရေးအားလုံးအတွက် မဖြစ်မနေကျင်းပရမည့် ဘာသာရေးဆိုင်ရာအခမ်းအနားများကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့မှစ၍ ခွင့်ပြုလိုက်ခြင်းဖြစ်သော်လည်း လက်ရှိတည်ဆဲဖြစ်သော COVID 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပန်ကြားချက်၊ လမ်းညွှန်ချက်၊ ညွှန်ကြားချက်၊ အမိန့်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
“ဘာသာရေးဆိုင်ရာအားလုံးကို ခွင့်ပြုတာတော့မဟုတ်ဘူး။  လူ (၃၀)အောက် (၂၉)လောက်အထိ စုဝေးခွင့်ရတယ်။ တရားနာတာတို့ ဘာတို့ ဝတ်ပြုတာတို့မှာ social distancing နဲ့ ဝတ်ပြုတာ၊ တရားနာတာတို့တော့ လုပ်လို့ရတယ်။ အရင်ကလို အားလုံးကိုခွင့်ပြုတာတော့မဟုတ်ဘူး။ မဖြစ်မနေ လုပ်ရမယ့် ဘာသာရေးအခမ်းအနားလောက်ကိုပဲ ကန့်သတ်ချက်နဲ့ ခွင့်ပြုတာ။ ဗုဒ္ဓဘာသာဆို ဝါဆိုသင်္ကန်းကပ်တာမျိုးပေါ့။ ဒါကလည်း ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ခွင့်ပြုတာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၈)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦများကို COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ကို ဇူလိုင်လ (၂၄)ရက်နေ့မှစ၍ ပြည်နယ်အစိုးရက ခွင့်ပြုခဲ့သော်လည်း COVID 19 ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် ဆွေးနွေးဆုံးဖြတ်ထားခြင်းမရှိသေး၍ ဇူလိုင်လ (၂၉)ရက်နေ့၌ ပြန်လည်ပိတ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သြဂုတ်လ (၁၆)ရက်နေ့မှစ၍ မဖြစ်မနေကျင်းပရမည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လူဦးရေ (၂၉)ဦးအထိ စုဝေးခွင့်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်အချို့ကို ဖြေလျော့လာသော်လည်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့အထိ WHO ၏စာရင်းအရ ကမ္ဘာတွင် COVID 19 ကူးစက်ခံရသူ (၂၁)သန်းကျော်ရှိနေပြီး မြန်မာနိုင်ငံတွင် သြဂုတ်လ (၂၀) ရက်နေ့ နံနက်ပိုင်းအထိ ကူးစက်ခံရသူ (၃၉၆)ဦးအထိ တိုးလာသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~