တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦးထပ်တိုး၍ တစ်နေ့တည်း ပိုးတွေ့ (၆)ဦးရှိ

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၅)ဦးထပ်တိုး၍ တစ်နေ့တည်း ပိုးတွေ့ (၆)ဦးရှိ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ယနေ့ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက  Covid-19 လာရောက်စစ်ဆေးရာမှ  Covid-19 ပိုးတွေ့ရသည့် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်၍ ထိတွေ့သူများကို ဆက်လက်စစ်ဆေးရာ နောက်ထပ် Covid-19 ပိုးတွေ့ရှိသူ (၅)ဦး၍ ညနေပိုင်းအထိ စုစုပေါင်း (၆)ဦးတွေ့ထားကြောင်း သိရသည်။ 

အသစ်ထပ်တိုးသည့် (၅)ဦးမှာ 1G1 ဟိုတယ် နှင့် ပါဆတ်ရပ်ကွက်တွင် နေထိုင်သူ ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ ထိတွေ့သူများကို စစ်ဆေးနေလျှက်ရှိပြီး စုံစမ်းနေလျှက်ရှိကြောင်းလည်း သိရသည်။

"ကျွန်တော်တို့ ထိတွေ့သူတွေကို ဆက်လက် စုံစမ်းပြီး စစ်နေပါတယ်။ အခု ညနေ (၃)နာရီဝန်းကျင်အထိတော့ ပိုးတွေ့ (၆)ဦးရှိနေပါတယ်"ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် လာရောက်စစ်ဆေးရာမှာ ပိုးတွေ့ရသည့် အမျိုးသမီး (၁)ဦး အပါအဝင် ၎င်းနှင့်ထိတွေ့မှုရှိသူ (၅)ဦး အပါအဝင်  ယနေ့ ညနေ(၃)နာရီဝန်းကျင်အထိ (၆)ဦးတွေ့ရှိထားရာတွင် တရုတ်နိုင်ငံသား (၁)ဦး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က အမျိုးသမီး(၃)ဦးတွင် Covid-19 တွေ့ရှိရပြီး ယနေ့ ဇူလိုင်လ(၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အထိ အတည်ပြုလူနာ (၆)ဦးအထိ တွေ့ထားရသည့်အတွက် တာချီလိတ်မြို့၏ တတိယလှိုင်းတွင် စုစုပေါင်း (၉)ဦးအထိ ရှိနေသည်။

#TachileikNewsAgency