ကယားပြည်နယ်အတွင်း ဖရုဆိုနှင့် ဒီးမော့ဆိုမြို့နယ်များ CDM  ပညာရေးဝန်ထမ်း ( ၁,၆၄၉) ဦးကို အာဏာသိမ်းအဖွဲ့က အလုပ်မှ ထုတ်ပယ်

ကယားပြည်နယ်အတွင်း ဖရုဆိုနှင့် ဒီးမော့ဆိုမြို့နယ်များ CDM  ပညာရေးဝန်ထမ်း ( ၁,၆၄၉) ဦးကို အာဏာသိမ်းအဖွဲ့က အလုပ်မှ ထုတ်ပယ်
ဇွန် 28, 2021 | ပညာရေး| ကယား

ကယားပြည်နယ်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများမှ စစ်အာဏာသိမ်းမှုကို ဖီဆန်သည့် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း (၁၆၄၉)ဦးကို အာဏာသိမ်းအဖွဲ့က မေလကတည်းက အလုပ်မှ ထုတ်ပယ်ထားသည်ဟု သိရသော်လည်း အလုပ်ထုတ်ကြောင်း အသိပေးစာပေးပို့ခြင်းမရှိကြောင်း သိရသည်။

ကျွန်မတို့ကို ထုတ်ပယ်လိုက်တယ်လို့ စာကို တရားဝင်ပို့လာတာတော့ မရှိဘူး။ မြို့နယ်ရုံးမှာ ကပ်ထားလားလည်း မသိဘူးပေါ့နော်။ တစ်ယောက်ယောက်က ထွက်လာတဲ့စာတွေ စာရင်းတွေကို ရိုက်ပြီး လိုင်းပေါ်တင်ပေးလို့ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ အဆုံးထိ CDM ပဲ ဆက်သွားမယ်။ အစိုးရမဟုတ်တဲ့ စစ်ကောင်စီဆီမှာ  ဘာအယူခံမှလည်း ဝင်မှာ မဟုတ်ပါဘူး။

ဟု ဖရူဆိုမြို့နယ် မှ CDM ပြုလုပ်ထားသူ ဆရာမ တစ်ဦးက​ ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ အခြေခံပညာ ဦးစီးဌာန အလုပ်အမှုဆောင်အဖွဲ့ အစည်းဝေးကို မေလ ၂၄ ရက်နေ့တွင် ကျင်းပပြီး CDM ပညာရေးဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ရန်နှင့် ဆောဆောင်ရွက်ပြီးစီးမှုအခြေ​နေများကို အခြေခံပညာ ဦးစီးဌာရုံးချုပ်သို့ ဇွန်လ ၁၀ ရက်နေ့တွင် ပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ဖရူဆိုမြို့နယ်တွင်းမှ CDM ပညာရေးဝန်ထမ်း (၅၂၆)ဦးနှင့် ဒီးမော့ဆိုမြို့နယ်တွင်းမှ CDM ပညာရေးဝန်ထမ်း (၁၁၂၃)ဦးတို့အား အလုပ်မှထုတ်ပယ်ကြောင်းစာများကို ဇွန်လ (၂၈)ရက်နေ့အထိ သက်ဆိုင်ရာဝန်ထမ်းများထံ ပေးပို့ခြင်းမရှိကြောင်း သိရသည်။

အလုပ်မှ ထုတ်ပါယ်ခံရသည့် ကာယကံရှင် ဝန်ထမ်းများအနေဖြင့် ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ကျေနပ်မှုမရှိပါက  ရုံးအမိန့်စာကို လက်ခံရရှိသည့်နေ့မှစ၍ (၆)လအတွင်း နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၏ နည်းဥပဒေ ၂၂၀ ပါ ပြဌာန်းချက်များနှင့် အညီ အယူခံလွှာတင်သွင်းနိုင်ကြောင်း စစ်ကောင်စီ၏ အခြေခံပညာဦးစီးဌာန မှ စာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကယားပြည်နယ်တွင်းရှိ CDM ပြုလုပ်၍ အလုပ်မှ ထုတ်ပယ်သည့် ပညာရေးဝန်ထမ်း စာရင်းများကို ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များအတွက်သာ သိရှိရပြီး ကျန်မြို့နယ်များအတွက် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

#TachileikNewsAgency