ဒီးမော့ဆိုမြို့နယ်အတွင်း (၂)ရက်တာ ပြင်းထန်တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Photo: Karenni Nationalities Defense Force-KNDF
Photo: Karenni Nationalities Defense Force-KNDF
ဒီးမော့ဆိုမြို့နယ်အတွင်း (၂)ရက်တာ ပြင်းထန်တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဧပြီ 9, 2023 | 2021 Military Coup| ကယား

 

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီး တောင်ပေါ် တကြောတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ကရင်နီတပ်မတော်( KA )ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၄)ရက်နေ့က တနီးလာလဲကျေးရွာအနီး တောင်ပေါ် တကြောတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ Karenni Nationalities Defense Force-KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၅) ရက်နေ့အထိ နှစ်ရက်ကြာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNDF ဗဟိုက  ဧပြီလ (၈)ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

နှစ်ရက်တာ ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များက လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး ဧပြီလ(၄)ရက်နေ့ ညနေ (၃)နာရီကျော်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး  MA-1 သေနတ် (၂)လက်၊ MA-3 သေနတ် (၁)လက်နှင့် ကျည်ဆံများ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၄)ရက်တိုက်ပွဲအတွင်း KNDF တပ်ရင်း ( ၆ )မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုကို KA၊ KNDF ဗျူဟာ (၆)တပ်ရင်း KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲကျေး ရွာများအနီးတွင်စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။