လွိုင်ကော်ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အသက်အရွယ်ကြီးပိုင်း COVID 19 အတည်ပြုလူနာ (၂)ဦး သေဆုံး 

လွိုင်ကော်ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အသက်အရွယ်ကြီးပိုင်း COVID 19 အတည်ပြုလူနာ (၂)ဦး သေဆုံး 
ဇူလိုင် 18, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာများအနက် အသက်အရွယ်ကြီးသည့်လူနာ (၂) ဦးမှာ ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ (၁၈) ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် COVID 19  အတည်ပြုလူနာများထဲမှ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးလူနာမှာ နံနက်ပိုင်းတွင် သေဆုံးသွားပြီး အသက် (၅၅) နှစ်အရွယ် အမျိုးသမီးလူနာမှာ ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်သည်။ 

ယနေ့သေဆုံးသွားသည့် လူနာ (၂) ဦးမှာ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့် မင်းစုရပ်ကွက်တို့မှ ဆေးရုံတက်နေသူများဖြစ်ကြပြီး လွိုင်ကော်တွင် COVID 19 ကူးစက်ခံရ၍သေဆုံးသူ (၅) ဦးနှင့် ဖရူဆိုတွင် (၁)ဦးရှိသဖြင့် ကယားပြည်နယ်အတွင်း သေဆုံးသူ စုစုပေါင်း (၆) ဦးရှိလာပြီဖြစ်သည်။ 

လွိုင်ကော်မြို့ တွင် ဇူလိုင်လ (၁၈) ရက်နေ့ မွန်းလွဲပိုင်း စစ်ဆေးပြီးသည်အထိ အတည်ပြုလူနာသစ် (၂၃)ထပ်မံတွေ့ရှိခဲ့ ၍ လွိုင်ကော်မြို့တွင် အတည်ပြုလူနာ (၁၆၃)ဦးထိရှိလာပြီး အောက်ဆီဂျင်လိုအပ်မှုလည်း ရှိနေသည်ဟု သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် ဇူလိုင်လ (၁၈) ရက်နေ့ မွန်းလွဲပိုင်းအထိ  COVID 19 ပိုးတွေ့ရှိမှုမှာ လွိုင်ကော်မြို့တွင်  ( ၁၆၃)ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၁၁ )ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၈၀)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency