အာဏာသိမ်းထားသည့် (၉)လတာ ကာလအတွင်း ကယား (ကရင်နီ)ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲ (၉၉)ကြိမ်အတွင်း အရပ်သားပြည်သူ (၉၉)ဦး သေဆုံး

အာဏာသိမ်းထားသည့် (၉)လတာ ကာလအတွင်း ကယား (ကရင်နီ)ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲ (၉၉)ကြိမ်အတွင်း အရပ်သားပြည်သူ (၉၉)ဦး သေဆုံး
နိုဝင်ဘာ 2, 2021 | ကယား

စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း ကယား (ကရင်နီ)ပြည်နယ်တွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ တိုက်ပွဲပေါင်း (၉၉) ကြိမ်ဖြစ်ပွားခဲ့ကာ အရပ်သားပြည်သူ (၉၉) ဦး သေဆုံးပြီး (၁၅၉) ဦး အဖမ်းခံထားရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF Information Centre) က နိုဝင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF Information Centre)၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ အောက်တိုဘာလ ( ၃၁ )ရက်နေ့အထိ ကယား (ကရင်နီ) ပြည်နယ်တွင်း တိုက်ပွဲပေါင်း (၉၉)ကြိမ်၊ အရပ်သားပြည်သူသေဆုံးသူ (၉၉) ဦး၊ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ (၁၅၉) ဦး၊ ပျက်စီးသွားသည့် အရပ်သားပြည်သူများ၏ လူနေအိမ် (၃၇၆) လုံးရှိကြောင်း သိရသည်။

ပြည်နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၉၉) ကြိမ်အတွင်း KNDF/KA မှ သေဆုံးသူ (၃၀) ဦးရှိပြီး အာဏာသိမ်းစစ်တပ်ဘက်မှ (၃၉၉) ဦးသေကာ အာဏာသိမ်းတပ်ဘက်မှ မော်တော်ယာဉ် (၁၉) စီးပျက်စီးကြောင်း သိရသည်။

ပြည်နယ်တွင်း တိုက်ခိုက်မှုများတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး အလွန်အကျွံသုံးစွဲပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများလည်း လုပ်ဆောင်၍ လူနေအိမ်များ ပျက်စီးရခြင်း၊ အရပ်သားများထိမှန်ခြင်းများလည်းရှိသည်ကို တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ)ပြည်နယ်တွင်  တိုက်ပွဲများ၊ အာဏာသိမ်းတပ်က ထိုးစစ်ဆင်မှုများ ရှိလာ၍ ဒေသခံအများအပြား နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ရမှုများ အများအပြားရှိနေသည်။

#TachileikNewsAgency