လွိုင်ကော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အပျက်အစီးများ၊ မြို့တွင်း ကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်စွဲကာ ဆရာတော်နှင့် သီလရှင်များကိုနှင်ထုတ်

လွိုင်ကော်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အပျက်အစီးများ၊ မြို့တွင်း ကက်သလစ်ဘုရားကျောင်းတွင် စစ်ကောင်စီတပ်စွဲကာ ဆရာတော်နှင့် သီလရှင်များကိုနှင်ထုတ်
ဒီဇင်ဘာ 5, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်း၊ မြို့ပြင်သို့ စစ်ကောင်စီတပ်က ပေါက်ကွဲအားပြင်းသော လက်နက်ကြီးများ၊  တိုက်လေယာဉ်‌များဖြင့် ပစ်ခတ်ဗုံးကြဲခြင်း‌ကြောင့် ပြည်သူအများပြား ထိခိုက်၊ သေဆုံးပြီး နေအိမ်ရာချီ ပျက်စီးခဲ့ရကာ ဒေသခံသောင်းချီ ထွက်ပြေးနေရကြောင်း ဒီးမော့ဆို PDFက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ရေးအရှိန်သည် ယခင်ကထက် မြင့်မားလာမည်ဖြစ်သောကြောင့် ပြည်သူလူထုများအနေဖြင့် လုံခြုံရေးပြင်ဆင်ထားရန်နှင့် အကြမ်းဖက်စစ်ကောင်စီစခန်းများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းမပြုလုပ်ရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

ကရင်နီအမျိုးသားတော်လှန်ရေးတပ်ပေါင်းစုသည် ၁၁၁၁ စစ်ဆင်ရေးဖြင့် စစ်ရေးကို အရှိန်မြင့်တင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းကြောင့် စစ်ကောင်စီ၏ ကင်းပုန်းများ၊ ကာကင်းများ၊ အထိုင်စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို သမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများပြီး ထွက်ပြေးခြင်းနှင့် လက်နက်ချ အညံခံခြင်းများလည်းရှိခဲ့ပြီးနောက် လွိုင်ကော်မြို့သို့ ချည်းကပ်နိုင်ခဲ့ပြီး လက်ရှိတွင် တော်လှန်ရေးတပ်ပေါင်းစုများမှ မြို့တော်၏ နေရာအနှံအပြားတွင်နေရာယူပြီး တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင် ရှုံးနိမ့်နေသည့် စစ်‌ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များအား ခုခံရန်အတွက် အများပြည်သူပိုင် စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ အထပ်မြင့်လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများတွင် တပ်စွဲခုခံပြီး ဘာသာရေးနှင့် တော်လှန်ရေးတပ်ပေါင်းစုအကြား သွေးခွဲဝါဒမိုင်းတိုက်ရန် လွိုင်ကော်မြို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတော်ကြီးတွင် တပ်စွဲနေကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတော်ကြီးနှင့် ရဟန်းများကျောင်းတိုက်အား စစ်ကောင်စီတပ်က နေရာ၀င်ယူပြီး ကျောင်းဝင်းအတွင်းရှိ ဆရာ‌တော်၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သက်ကြီးရွယ်အိုသီလရှင်များနှင့် စစ်ရှောင်များအား နှင်ထုတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency